တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

မြောက်ဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းတစ်ခုကို အေအေက မိုင်းခွဲတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၈ သြဂုတ် ၂၀၂၂
  • | ကြည့်ရှုသူ: 10k

နိရဥ္စရာ၊ သြဂုတ် ၂၈/၂၀၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်တွင် အင်အား ၁၀၀ ကျော်ပါသည့် စစ်ကောင်စီ စစ်ကြောင်းတစ်ခုကို ရက္ခိုင့်တပ်တော် (AA)က ယနေ့ ညနေက မိုင်းခွဲကာ ကြားဖြတ်တိုက်ခိုက်ခဲ့သည်ဟု သတင်းရရှိသည်။

တိုက်ပွဲသည့် ယနေ့ သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၄ နာရီခန့်တွင် မြောက်ဦးမြို့နယ် လက္ကာကျေးရွာအနီး တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောသည်။

"ဝေသာလီ တစ်ပင်တိုင်ခွဆုံနဲ့  လက္ကာတံတားကြားမှာ ဖြစ်ကြတာပါ။ အဓိက လက္ကာတံတားနားမှာ စစ်ကြောင်းကို အေအေက မိုင်းခွဲတိုက်ခိုက်တာ။ အဲဒီမှာ စပစ်ကြတာပါ။ နှစ်ဘက်ပစ်သံတွေ ဆူညံသွားတယ်"ဟု ပြောသည်။

အေအေက ကျောက်တော်ဘက်မှ လာသည့်စစ်ကြောင်းကို မိုင်းဖောက်ခွဲခဲ့သည့်အတွက် စစ်ကောင်စီတပ်သားများက ရမ်းသမ်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး မိနစ် ၂၀ ခန့် ပစ်ခတ်သံများကို  ကြားခဲ့ရသည်ဟု မည်မဖော်လိုသူဒေသခံတစ်ဦးက ပြောသည်။

"ကျောက်တော်ဘက်ကလာတဲ့ စစ်ကြောင်းကို တံတားနားက အေအေက ဖောက်ခွဲလိုက်တယ်လို့ ပြောပါတယ်။ အဲ့ဒီကနေ စပြီးပစ်ခတ်သံတွေ ကြားရတာပါ အေအေကမိုင်းဖောက်လိုက်တော့ စစ်သားတွေက  သေနတ်တွေနဲ့ရမ်းပစ်ပြီး ဘူးရွက်မညိုး ရွာထဲတွေကိုဝင်ပြေးကြတာပါ"ဟု  လက္ကာကျေးရွာသား တစ်ဦးက ပြောသည်။ 

သေနတ်ပစ်ခတ်သံများမှာ ညနေ ၄ နာရီခွဲခန့်တွင် ရပ်တန့်သွားကြောင်း သိရသည်။

သေနတ်ပစ်ခတ်သံများကြောင့် ဘူးရွက်မညှိုး၊ လက္ကာစသည့်ကျေးရွာမှဒေသခံများ ထွက်ပြေး  တိမ်းရှောင်နေကြရကြောင်း ဒေသခံတစ်ဦးကပြောသည်။

"တိုက်ပွဲဖြစ်ပြီး စစ်သားတွေ ဘူးရွက်မညှိုးရွာထဲကို ဝင်ပြေးကြတာတွေရှိသလို အဲ့ဒီအနီးအနားမှာ ဝပ်နေကြတာလည်း ရှိပါတယ်။ ရွာသားတွေကတော့ ကြောက်လို့ တောင်ပြေးမြောက်ပြေး ပြေးနေကြပါပြီ"ဟု ပြောသည်။

တိုက်ပွဲဖြစ်ပွားရာ အနီးရှိ ကျေးရွာတစ်ခု အမျိုးသမီးတစ်ဦးက လက်နက်ငယ်သံ ၄ နာရီ ၂၅ မိနစ်လောက်ကနေ ရပ်သွားပါပြီ။ အခု လက်နက်ကြီးတွေ မြောက်ဦးဘက်က အကြီးအကျယ်ပစ်နေတာပါ။ ကျမတို့ဘယ်လိုလုပ်ရမလဲ မသိတော့ဘူး။ အခု ဘေးလွတ်ရာကိုပြေးနေတာပါ" ဟု ယနေ့ ည ၅ နာရီက ပြောကြားသည်။

ယမန်နေ့ သြဂုတ်လ ၂၇ ရက်နေ့  ည ၈ နာရီခွဲအချိန်ခန့်ကလည်း မြောက်ဦးအခြေစိုက် (၃၇၇/၃၇၈) တပ်ရင်းတို့မှ လက်နက်ကြီးပစ်ခတ်မှုများပြုလုပ်ခဲ့သည်ဟု သိရသည်။(NN-7)

ဆက်စပ် သတင်းများ