တနင်္ဂနွေ၊ စက်တင်ဘာလ ၂၂ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ်တွင် AA နှင့် စစ်ကောင်စီတပ်တို့ နေရာ ၂ခုတွင် ထပ်မံတိုက်ပွဲဖြစ်ပွား၊ ကျီး၀တပ်စခန်းကုန်းကိုလက်လွှတ်ကာ စစ်သားများဆုတ်ခွာသွားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ စက်တင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 5.9k

နိရဉ္စရာ၊ စက်တင်ဘာ ၁၅/၂၀၂၂

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ နေရာနှစ်ခုတွင် ရက္ခိုင့်တပ်တော် (AA)နှင့် စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲထပ်မံဖြစ်ပွားနေပြီး ကျီး၀တပ်စခန်းကုန်းကို စစ်သားများက လက်လွှတ်ကာ  ဆုတ်ခွာထွက်သွားခဲ့ကြသည်ဟု  ခိုင်လုံသော သတင်းရင်းမြစ်အရသိရသည်။

ယနေ့ နံနက် ၇ နာရီမှ စတင်ကာ အိန္ဒိယနယ်စပ် မြိတ်၀ကျေးရွာအနီးတွင် အေအေနှင့် မြန်မာစစ်တပ်တို့ ထပ်မံတိုက်ပွဲဖြစ်ပွားနေပြီး နံနက် ၁၀ နာရီခန့်မှ စတင်ကာ ပလက်ဝမြို့နယ် နှမဒါကျေးရွာ အနီးတွငတိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သည်ဟု ဒေသခံများက နိရဉ္စရာသတင်းဌာနကို ပြောဆိုသည်။

"ဒီနေ့ နှမဒါရွာအနီးမှာ တိုက်ပွဲထပ်ဖြစ်ပါတယ်။ ၁၀ နာရီလောက်ကနေ  ၂ နာရီလောက်အထိ ဖြစ်တယ်။ သေနတ်သံက နေ့လယ် ၂ နာရီအထိ တစ်ချက်တစ်ချက် ကြားနေရသေးတယ်ပေါ့။ နောက်ပိုင်းတော့ အပြင်းအထန်တော့ မကြားရတော့ဘူး"ဟု ပြောသည်။

ပလက်ဝမြို့နယ် နှမဒါကျေးရွာအနီးတွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် ယနေ့ (စက်တင်ဘာ ၁၅ ရက်) နံနက် ၁၀ နာရီခန့်မှ နေ့လယ် ၁ နာရီခွဲအချိန်အထိ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိသည်။

၎င်းအပြင် အိန္ဒိယနယ်စပ်အနီးတွင်တည်ရှိသည့် မြိတ်ဝကျေးရွာအနီးတွင်လည်း နံနက် ၇ နာရီကျော်မှစတင်ကာတိုက်ပွဲဖြစ်ပွားနေပြီး နေ့လယ် ၂ နာရီခွဲအချိန်အထိ တိုက်ပွဲ မရပ်သေးဟု မြိတ်၀ဒေသခံတစ်ဦးက ပြောသည်။

"မြိတ်ဝရွာ အောက်ဘက်နားမှာ ဖြစ်တယ်လို့ ခန့်မှန်းရပါတယ်။ မနက် ၇ နာရီကျော်၊ ၈ နာရီလောက်ကနေ ဖြစ်နေတာပါ။ တိုက်ပွဲက အခုထိ ဖြစ်နေကြဆဲပါ"ဟု ယနေ့ နေ့လယ် ၂ နာခွဲက ဆက်သွယ်ပြောကြားသည်။

ပလက်ဝမြို့နယ်၊ မြိတ်ဝကျေးရွာစစ်ကောင်စီ တပ်စခန်းကို ရက္ခိုင့်တပ်တော် (AA) က စက်တင်ဘာ ၁ ရက် ညနေပိုင်းက တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီတပ်က တိုက်လေယာဉ်နှစ်စီးဖြင့် ကျေးရွာ အနီးအနားကို လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် မြိတ်ဝရွာဒေသခံ (၆၀၀) ခန့် အိန္ဒိယနိုင်ငံ မီဇူရမ်ပြည်နယ်မှ ကျေးရွာများတွင် ထွက်ပြေးခိုလှုံခဲ့ကြရသည်။

ယနေ့ နံနက် ၁၀ နာရီခန့်တွင် အင်အား ၃၀ ကျော် ၄၀ နီးပါး တပ်စွဲထားသည့် ပလက်ဝမြို့နယ်ကျီးဝတပ်စခန်းကုန်းမှလည်း စစ်ကောင်စီတပ်သားများသည်  စခန်းစွန့်ခွာကာ ထွက်သွားကြသည်ဟု မျက်မြင်ဒေသခံတစ်ဦးက နိရဉ္စရာကို ပြောသည်။

"သူတို့ ၁၀ နာရီလောက်ကနေ ကျီးဝတပ်စခန်းကုန်းကို လက်လွှတ်ပြီး ထွက်သွားကြတာပါ။ စစ်သား ၃၀ ကျော် ၄၀ နီးပါး ရှိပါမယ်တိုက်ပွဲဖြစ်လို့တော့ မဟုတ်ဘူး။ တိုက်ပွဲမဖြစ်ခင်စွန့်ခွာသွားတဲ့ အနေအထားပါ။  အခု သူတို့ စစ်သားတွေ လိပ်ကုန်ဗျူဟာကို သွားပေါင်းနေထိုင်တယ်လို့ သိရပါတယ်"ဟု ပြောသည်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှ စစ်တပ် တပ်စခန်းတချို့ကိုလည်း ပြီးခဲ့သည့် သြဂုတ်လအတွင်းက ဆုတ်ခွာရုတ်သိမ်းမှုများ ရှိခဲ့သည်။

လက်ရှိမှာ ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတို့ တကျော့ပြန်တိုက်ပွဲများ ပြင်းထန်လာပြီး စစ်ကောင်စီက စစ်အင်အား၊ လက်နက်ရိက္ခာများကို စစ်လေယာဉ်၊ စစ်သင်္ဘော၊ စစ်သားများနှင့် သာမက အရပ်ဘက်သုံး ယာဉ်များကိုပါ အသုံးပြုဖြည့်တင်းမှုများရှိလာ၍ ယနေ့မှ စတင်ကာ စစ်ဆေးမှုများပြုလုပ်သွားမည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) က ထုတ်ပြန်ထားည်။

ရက္ခိုင့်တပ်တော် (AA)က စက်တင်ဘာလ (၁၀) ရက်မှာ  မောင်တော မြို့နယ်မြောက်ပိုင်း  စစ်ကောင်စီတပ် ခမရ (၃၅၂) တပ်ရင်း စခန်းကုန်း ကိုသိမ်းပိုက်နိုင်ခဲ့ပြီး  သြဂုတ်လ ၃၁ ရက်နေ့ကလည်း မောင်တောမြို့နယ်က မိုင်တိုင်(၄၀) နယ်ခြား စောင့်တပ်စခန်းကို AA က အပြီးသတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

ယင်းနောက်ပိုင်းတွင် စစ်ကောင်စီက ဂျက်တိုက်လေယာဉ်များ၊ စစ်ရဟတ်ယာဉ်များဖြင့် မောင်တောမြို့နယ် မြောက်ပိုင်းနှင့် ပလက်၀မြို့နယ်တို့တွင် အကြီးအကျယ် ဗုံးကြဲတိုခိုက်ခဲ့သလို အင်အားအများအပြားကိုလည်းထပ်မံတိုးချခဲ့သည်ဟု သိရသည်။(NN-7)

(ဓာတ်ပုံ- တိုက်ပွဲဝင် အေအေတပ်ဖွဲ့ဝင်များကိုတွေ့ရစဉ်)

ဆက်စပ် သတင်းများ