စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ပလက်ဝမြို့နယ် မွန်ထောင့်ချောင်းထဲကျေးရွာတွင် လက်နက်ကြီးကျ၍ အမျိုးသမီးတစ်ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၇ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 7.1k

နိရဉ္စရာ၊ အောက်တိုဘာ ၇/၂၀၂၂

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် မွန်ထောင့်ချောင်းထဲကျေးရွာတွင် ယနေ့ညနေ ၅ နာရီခွဲခန့်က ကျေးရွာထဲသို့ လက်နက်ကြီးကျည်ကျရောက်၍ အမျိုးသမီးတစ်ဦးက ဒဏ်ရာရသွားကြောင်း သိရသည်။

လက်နက်ကြီးကျည်ကျ၍ ဒဏ်ရာရသွားသည့် အမျိုးသမီးမှာ မွန်ထောင့်ချောင်းထဲကျေးရွာနေ အသက် ၅၇ နှစ်အရွယ် မညိုစိန်ဖြစ်ပြီး ၎င်း၏ခြံထဲတွင် ဝက်စာကျွေးရန်အတွက် ငှက်ပျောပင်လှီးနေသည့် အချိန်တွင် ခြံထဲသို့ လက်နက်ကြီးကျည်ကျရောက်ကာ ၎င်း၏ဒူးအောက်နားမှ လျှပ်ထိသွားခြင်း ဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။

" ဒူးအောက်နားက လျှပ်ထိသွားပါတယ်။ ဒဏ်ရာအခြေအနေတော့သေချာမသိရသေးပါဘူး။  ဆေးရုံကို ချက်ချင်းယူသွားပါတယ်။ တစ်ခုတိုက်ပွဲလည်းမရှိဘဲ လက်နက်ကြီးပစ်တာပါ။ သူက အဖေအိုကို လုပ်ကျွေးနေတဲ့ အမျိုးသမီးပါ" ဟုပြောသည်။

လက်ရှိတွင် ၎င်းအား ပလက်ဝမြို့ ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီဖြစ်ကြောင်း သိရသည်။

အဆိုပါလက်နက်ကြီးကျည်သည် ယင်းမွန်ထောင့်ကျေးရွာအနီးတဝိုက်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပလက်ဝအခြေစိုက် ၂၈၉ တပ်ရင်းမှ ပစ်ခတ်သည်ဟု ယူဆရကြောင်း ဒေသခံများကပြောသည်။

ယနေ့ ညနေ ၅ နာရီဝန်းကျင်ခန့်တွင် လက်နက်ကြီးပစ်ခတ်သံ သုံးကြိမ်ခန့်ကြားလိုက်ရကြောင်းလည်း ဒေသခံများကပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၂ ရက်၊ ညနေ ၅ နာရီခန့်က ပလက်ဝမြို့နယ် မြိတ်ဝကျေးရွာ အနီးတွင်လည်း အေအေနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

(NN-8)

ဆက်စပ် သတင်းများ