စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

ရသေ့တောင်မြို့အဝင်ပြားချောင်းကြီးတံတားအနီးတွင် တေဘာကားတစ်စီး မိုင်းနင်းမိ၍ပေါက်ကွဲ၊ အထိအခိုက်မရှိဟုသိရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ အောက်တိုဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.1k

နိရဉ္စရာ၊ အောက်တိုဘာ ၁၃/၂၀၂၂


ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့အဝင် ပြားချောင်းကြီးတံတားထိပ်တွင် ယနေ့ အောက်တိုဘာလ ၁၃ ရက်၊ မွန်းတည့် ၁၂ နာရီခန့်က တေဘာကားတစ်စီး မိုင်းနင်းမိ၍ ပေါက်ကွဲမှုဖြစ်ခဲ့ကြောင်း သိရသည်။

အဆိုပါတေဘာကားသည် ရသေ့တောင်မြို့နယ် ငတောက်တူကြီးကျေးရွာဒေသခံတစ်ဦး ပိုင်ဆိုင်သည့်ကားဖြစ်ပြီး ကားမောင်းနေစဉ် ပြားချောင်းကြီးတံတားထိပ် အရောက်တွင် လမ်းဘေးကို ချော်ကျကာ မိုင်းနင်းမိ၍ ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း အနီးအနားရှိဒေသခံတစ်ဦးက ပြောသည်။

"ပြားချောင်းကြီးတံတား နားမှာ ဒီနေ့ မိုင်းတစ်လုံးပေါက်ပါတယ်။ မိုင်းပေါက်တာက ကားသွားနေတုန်း လမ်းဘေးကိုနည်းနည်းချော်ကျပြီး ပေါက်တာပါ။ ကားကတော့ နောက်ပိုင်း ထိခိုက်သွားပါတယ်" ဟုပြောသည်။

အဆိုပါမိုင်းပေါက်ကွဲမှုကြောင့် ကားပေါ်ပါလာသည့် လူများအထိအခိုက်မရှိသော်လည်း အဆိုပါတေဘာကား၏ နောက်ပိုင်း ပျက်စီးသွားကြောင်း သိရသည်။

ယင်းအနီးအနားရှိ ဒေသခံတစ်ဦးက "သူတို့ကမြို့အဝင်ဆိုင်းဘုတ်အလွန်နားလောက်မှာ ဖြစ်တာပါ။ စကစတပ်စခန်းနဲ့တော့ နည်းနည်းဝေးပါတယ်။ ကားပိုင်ရှင်သားအဖတော့ ထိခိုက်သွားတာတွေ မရှိပါဘူး။ ကားကတော့ နောက်ဘီးမှာ ထိတာမို့ ပျက်စီးသွားပါတယ်။ မိုင်းက ဘယ်ဘက်ကထောင်ထားတဲ့ မိုင်းလဲ မသိပါဘူး" ဟုပြောသည်။

ရသေ့တောင်မြို့နယ်တွင် ပြီးခဲ့သည့် အောက်တိုဘာလ ၅ ရက်က စစ်ကောင်စီတပ်စခန်းများ အခြေချထသည့် ရေစိုးချောင်းဗျူဟာနှင့် မညှင်းတောင်အနီးရှိ ကျေးရွာများသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးများ သုံးရက်ဆက်တိုက်ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။ (NN-8)

ဆက်စပ် သတင်းများ