စနေ၊ စက်တင်ဘာလ ၂၁ရက်၊ ၂၀၂၄

စစ်ရာဇဝတ်ကျူးလွန်ခဲ့သော ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀)ကို အပြင်းထန်ဆုံး လက်စားချေတုံ့ပြန်သွားမည်ဖြစ်ကြောင်း ULA ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ နိုဝင်ဘာ ၂၀၂၂
  • | ကြည့်ရှုသူ: 6.4k

နိရဉ္စရာ၊ နိုဝင်ဘာ ၁၂/၂၀၂၂

 

လူမျိုးရေးအမုန်းတရားဖြင့် ကောက်ကျစ်ယုတ်မာ ရိုင်းစိုင်းစွာ ပြုမူလုပ်ဆောင် ခဲ့သည့် စစ်ရာဇဝတ်ကျူးလွန်ခဲ့သော ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀) နှင့် ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့သော သူများကို မဖြစ်မနေအပြင်းထန်ဆုံး လက်စားချေတုံ့ပြန်သွားမည်ဖြစ်ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် ( ULA) က ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်ကျော် (၄) ရက်/  ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက် နေ့စွဲဖြင့် ကြေညာချက်ထုတ်ပြန်သည်။

 

၎င်းထုတ်ပြန်ချက်ထဲတွင် ၂၀၂၂ ခုနှစ်နိုဝင်ဘာလ (၁၀) ရက်၊ ညနေပိုင်း၌ စစ်ကောင်စီ၏ ပုဏ္ဏားကျွန်းမြို့အခြေစိုက် ခမရ (၅၅၀) တပ်ရင်းသည် ပုဏ္ဏားကျွန်းမြို့နယ်၊ ဆင်အင်းကြီးကျေးရွာမှ အရပ်သားနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြပြီး ၎င်းရွာအတွင်းရှိ အသက်ကြီးပိုင်းအပါအဝင် အပြစ်မဲ့ပြည်သူ (၉) ဦးထက်မနည်းသော အရေအတွက်အား သွေးအေးအေးဖြင့် ယုတ်မာရိုင်းစိုင်းစွာ ရက်ရက်စက်စက် ပစ်ခတ်သတ်ဖြတ်ကာ စစ်ရာဇဝတ်မှုနှင့် လူသားမျိုးနွယ်အပေါ် ပြစ်မှု ကျူးလွန်ခဲ့ကြကြောင်း ဖော်ပြထားသည်။

 

 ဤသည်မှာ တစ်နိုင်ငံလုံးအတိုင်းအတာအားဖြင့် ကျူးလွန်နေသော စစ်ကောင်စီ၏ လူမဆန်သော လုပ်ရပ်များထဲမှ အဆိုးရွားဆုံးသော သိသာထင်ရှားသည့် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သော စစ်ရာဇဝတ်မှုကျူးလွန်ခြင်းတစ်ခုပင်ဖြစ်ကြောင်းဖြင့်လည်း ပြောဆိုထားသည်။

 

စစ်ကောင်စီသည် ပြည်သူများ၏ ကုန်စည်ကူးသန်းရောင်းဝယ်ခြင်း၊ ကုန်စည်စီးဆင်းခြင်းများကို တင်းကျပ်စွာ ပိတ်ဆို့၍ ၎င်းတို့သာလျှင် ရေလမ်း၊ ကုန်းလမ်းများမှတစ်ဆင့် ရိက္ခာပို့ဆောင်ခြင်းများကို ပြုလုပ်နေ သောကြောင့် ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက်၊ နံနက် (၇) နာရီခန့်၌ စစ်ကောင်စီ၏ ထောက်ပို့ပစ္စည်း ကားတစ်စီးအား မိမိတို့ ရက္ခိုင့်တပ်တော်မှ ပုဏ္ဏားကျွန်းမြို့နယ်၊ ပဒေသာရွာနှင့် ဆင်အင်းကြီးရွာအကြားတွင် ဖမ်းဆီးထိန်းသိမ်းလိုက်သည်ကို လက်တုံ့ပြန်သောအားဖြင့် တိုက်ပွဲနှင့် လုံးဝမသက်ဆိုင်သည့် အပြစ်မဲ့ပြည်သူ လူထုများအား စစ်ကောင်စီမှ ယခုကဲ့သို့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ခြင်းလည်း ဖြစ်သည်ဟု ဖော်ပြထားသည်။

 

အလားတူ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ (၁၀) ရက် နှင့် (၁၁) ရက်နေ့များ၌လည်း စစ်ကောင်စီသည် ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀) တပ်ရင်း၊ စစ်တွေပါဒလိပ်၊ ကွမ်းတောင် တပ်စခန်းများမှ လက်နက်ကြီး များပစ်ခတ်ခြင်း၊ စစ်ရဟတ်ယာဉ်များ၊ ဒရုန်းများဖြင့် ပုဏ္ဏားကျွန်းမြို့နယ်အတွင်း ကျေးရွာများသို့ တမင်တကာ ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူ (၂) ဦး အသက်သေဆုံးခဲ့ရပြီး၊ အမျိုးသမီးများနှင့် ကလေး ငယ်များ အပါအဝင် ပြည်သူ (၅) ဦးထက်မနည်း ပြင်းထန်စွာဒဏ်ရာရရှိခဲ့ပြီး အချို့မှာ ကိုယ်လက်အင်္ဂါဆုံးရှုံး ခဲ့ကြရသည်။

 

လက်နက်ကိုင်တပ်အချင်းချင်း ရင်ဆိုင်မတိုက်ရဲဘဲ အပြစ်မဲ့ပြည်သူကိုသာ ဦးတည်တိုက်ခိုက်ဝံ့သော စစ်ကောင်စီ၏ ယခုကဲ့သို့သောလုပ်ရပ်မှာ အလွန်ပင် သူရဲဘောကြောင်သည့် စက်ဆုပ်ရွံရှာဖွယ်ရာလုပ်ရပ် ဖြစ်ကြောင်း၊  မိမိတို့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော် (ULA/AA)အနေဖြင့် စစ်ကောင်စီ၏ ယခုကဲ့သို့ လူမဆန်သော အရိုင်းအစိုင်းများ၏ လုပ်ရပ်များကြောင့် အသက်၊ အိုးအိမ်ပျက်စီးဆုံးရှုံးခဲ့ရသော အပြစ်မဲ့ပြည် သူများအတွက် သက်ဆိုင်ရာ မိသားစုများနှင့် ထပ်တူထပ်မျှ လွန်စွာဝမ်းနည်း စိတ်မကောင်းဖြစ်ရပါကြောင်း ဆက်လက်ဖော်ပြသည်။

 

ယခုကဲ့သို့ စစ်ကောင်စီတပ်၏ လူမျိုးရေးအမုန်းတရားဖြင့် ကောက်ကျစ်ယုတ်မာ ရိုင်းစိုင်းစွာ ပြုမူလုပ်ဆောင် ခဲ့သည့် စစ်ရာဇဝတ်ကျူးလွန်ခဲ့သော ပုဏ္ဏားကျွန်းအခြေစိုက် ခမရ (၅၅၀) နှင့် ယခုဖြစ်ရပ်တွင် ပါဝင်ပတ်သက် ကျူးလွန်ခဲ့သော သူများကို မဖြစ်မနေ အပြင်းထန်ဆုံး လက်စားချေ တုံ့ပြန်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်ဟု ဖော်ပြထားသည်။

ဆက်စပ် သတင်းများ