စနေ၊ ဧပြီလ ၂၇ရက်၊ ၂၀၂၄

ရခိုင်မှ စနစ်သစ်စာမေးပွဲဖြေဆိုမည့်ကျောင်းသူ/ကျောင်းသားများ၏ ယာဉ်များတွင် ပညာရေးဌာန အလံ‌ ထောင်ပြီးလာကြရန် စစ်ကောင်စီမှညွန်ကြားထားဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ မတ် ၂၀၂၄
  • | ကြည့်ရှုသူ: 7.8k

(ရခိုင်မှ မြို့နယ်ပေါင်း ၁၀ မြို့နယ်ခန့်တွင် စာမေးပွဲစစ်ဆေးနိုင်မည်မဟုတ်)

ရခိုင်ပြည်‌တွင် တိုက်ပွဲဖြစ်နေသည့် မြို့နယ်များမှ စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသား/ ကျောင်းသူများသည် စီးနင်းလိုက်ပါလာသည့် ယာဉ်များပေါ်တွင် ပညာရေးဌာန အလံထောင်ပြီးမှ စာမေးပွဲ လာဖြေကြရန် စစ်ကောင်စီမှ ညွှန်ကြားထားကြောင်းသတင်းရရှိသည်။

စစ်တွေမြို့ခံတစ်ဦးက " စာမေးပွဲက မြို့ပေါ်မှာဘဲ ဖြေကြရမှာ။ လာဖြေဆိုမယ့် ကျောင်းသူတွေ ကျောင်းသားတွေက ဘာနဲ့ပဲလာလာ ပညာရေးဌာန အလံထောင်ပြီးလာရမယ်ပြောတယ်။ ကားနဲ့လာရင်လည်း ကားမှာထောင်ရမှာ။ စက်လှေနဲ့ လာရင်လည်း စက်လှေနဲ့ထောင်ရမှာ။ ရဲမှူးကညွန်ကြားထားတယ်ကြားတယ်  " ဟုပြောသည်။

ရခိုင်တွင် တိုက်ပွဲများ ပြင်းထန်နေသဖြင့်  မတ်လ ၁၁ ရက်နေ့ စတင်မည့် စနစ်သစ် စာမေးပွဲ ဖြေဆိုကြမည့် ကျောင်းသားကျောင်းသူများအနေဖြင့် စာမေးပွဲဖြေဆိုရမည်ကို စိုးရိမ်မှုများ ရှိနေကြောင်းလည်း သိရသည်။

ရခိုင်ပြည်အတွင်းရှိ ရက္ခိုင့်တပ်တော် သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့နယ်များ အပါအဝင် တိုက်ပွဲများဖြစ်ပွားနေသည့် မြို့နယ် (၁၀) ခန့်တွင် စာမေးပွဲများ စစ်ဆေးနိုင်မည်မဟုတ်ကြောင်း သိရှိရသည်။

စာမေးပွဲလုံး၀ စစ်ဆေးနိုင်မည့် အခြေအနေမရှိသည့်မြို့နယ်များမှာ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ပေါက်တော၊ မြေပုံနှင့် ရမ်းဗြဲနှင့် ချင်းပြည်နယ် ပလက်၀မြို့နယ်တို့ဖြစ်ကြသည်။

ရခိုင်မှ မြို့ပေါ်တွင် တိုက်ပွဲဖြစ်ပွားခြင် မရှိသေးသည့် သံတွဲ၊ ဂွ၊ တောင်ကုတ်၊ မာန်အာင်၊ အမ်း၊ မောင်တော၊ စစ်တွေနှင့် ကျောက်ဖြူတို့တွင် စာမေးပွဲ စစ်ဆေးမည်ဖြစ်သော်လည်း ကျောင်းသား ကျောင်းသူများ ရာနှုန်းပြည့် စာမေးပွဲဖြေဆိုကြမည်မဟုတ်ဟု ဒေသခံတစ်ဦးက ပြောသည်။

စစ်တွေတွင် ကျောင်းသား/ကျောင်းသူ ၆၀ ရာခိုင်နူန်း စာမေးပွဲဖြေဆိုမည်ဖြစ်ပြီး ကျန်သည့် ရခိုင်မြောက်ဘက်ပိုင်း မြို့နယ်များမှဖြေဆိုရန် ၁၀ ရာခိုင်နူန်းခန့်သာရှိသည်ဟု ပညာရေး အသိုင်းအဝိုင်းနှင့်နီးစပ်သူတစ်ဦးက နိရဉ္စရာကိုပြောသည်။

" စစ်တွေက တစ်မြို့လုံးရဲ့ ၆၀ ရာခိုင်နူန်းနဲ့ ကျန်တဲ့မြို့နယ်တွေ အကုန်လုံး‌ ပေါင်းမှ ၁၀ ရာခိုင်နူန်းပဲရှိတယ်လို့ပြောတယ် " ဟုပြောသည်။

ရခိုင်ပြည်တွင် ပုံမှန်အားဖြင့် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နှစ်စဉ် စာစစ်ဌာန ၁၂၀ ကျော်ခန့်တွင် ယခင်က ကျင်းပ စစ်ဆေးလေ့ရှိသော်လည်း ယခုနှစ် ၂၀၂၄ တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် စာစစ်ဌာန ၆၉ ခုတွင်သာ ကျင်းပစစ်ဆေးမည်ဟု သိရသည်။

ရခိုင်တွင် အခြေခံပညာစာသင်ကျောင်းပေါင်း ၃၀၀၀ ကျော်ရှိပြီး လက်ရှိ တိုက်ပွဲများကြောင့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော၊ မအီ၊ ရမ်းဗြဲမြို့နယ်တို့တွင် စာသင်ကျောင်းများ ထောင်နှင့် ချီပိတ်ထားကြောင်း သိရသည်။

ယခုကျင်းပမည့် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၁၁ ရက်ကနေ ၁၉ ရက်အထိ ကျင်းပသွားမည် ဖြစ်ပြီး စနစ်သစ်ပညာရေး၏ပထမဆုံးတက္ကသိုလ်ဝင်တန်း စာမေးပွဲလည်းဖြစ်ပြီး စာမေးပွဲများကို မြို့ပေါ်တွင်သာ ပြုလုပ်ကျင်းပသွားမည်ဖြစ် ကြောင်းသိရသည်။(NN-11)

ဓာတ်ပုံ- ပုံဟောင်းသာ

ဆက်စပ် သတင်းများ