တနင်္ဂနွေ၊ ဇွန်လ ၃၀ရက်၊ ၂၀၂၄

သံတွဲမြို့နယ် လင်းသီကျေးရွာနှင့် ကျောင်းကုန်းကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများ ကိုယ်တိုင် မြေမြှုပ်ထားခဲ့သော စစ်သားအလောင်းတချို့တွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 984

လူထက်နိုင် (ဒွါရာမြီ)

နိရဉ္စရာ၊ မေ ၃၁ ရက်/၂၀၂၄

သံတွဲမြို့နယ်ရှိ လင်းသီကျေးရွာနှင့် ကျောင်းကုန်းကျေးရွာတို့တွင် စစ်ကောင်စီတပ်သားများ  ကိုယ်တိုင် မြေမြှုပ်ထားခဲ့သော စစ်သားအလောင်းတချို့ကို တွေ့ရှိခဲ့ပြီးထပ်မံတွေ့ရှိနိုင်သေး ကြောင်း ဒေသခံများက နိရဉ္စရာသို့ ပြောသည်။

“ ကျောင်းကုန်းက နေအိမ်ခြံဝန်းတစ်ခုမှာ စစ်ကောင်စီတပ်သားအလောင်း ၃ လောင်းတွေ့တယ်။ မိုးရွာတော့ရေတိုက်စားပြီးပေါ်လာတာပါ။ စနစ်တကျ မြှုပ်ခဲ့တာမှမဟုတ်တာ၊ ဖြစ်သလို လုပ်ခဲ့တာ။ လင်းသီမှာတော့ဘိုတဲ ခြံဝင်းထဲမှာ မြှုပ်ထားတာတွေ့တယ်။ နောက် ကျောင်းကုန်းရွာဘက်က တောင်ကုန်းတွေမှာ မြုပ်ထားတဲ့ စစ်သားအလောင်းတွေရှိနိုင်သေးတယ်။ မိုးရွာရင် တောင်တွေပြိုပြီး ပေါ်လာနိုင်တယ်။ကျောင်းကုန်းကတောင်ကုန်းတွေနဲ့ သူဌေးချောင်းဖျားဖက်က စစ်ကောင်စီတပ်သားတွေ အကျအဆုံးများပြီး တချို့ကို မြုပ်ထားခဲ့တယ်။ တချို့ကို ဒီအတိုင်းထားခဲ့တာတွေရှိတယ် လို့သိရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့နယ်၊ ကျောင်းကုန်းကျေးရွာ နေအိမ်ခြံဝင်းတစ်ခုတွင် မြှုပ်နှံထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ဦး၏ ရုပ်အလောင်းကို မေလ ၂၉ ရက်တွင် ဒေသခံများက တွေ့ရှိခဲ့ကြသကဲ့သို့ လင်းသီကျေးရွာ ဘိုတဲခြံဝင်းအတွင်း မြှုပ်နှံထားသည့် စစ်ကောင်စီတပ်သား ၂ဦး၏ အလောင်းကိုလည်း မကြာမီရက်ပိုင်းက တွေ့ရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ကျောင်းကုန်းကျေးရွာ နေအိမ်ခြံဝင်းတစ်ခုတွင် မြှုပ်နှံထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး၏ ရုပ်အလောင်းများကို ဒေသခံများမှရွှေ့ပြောင်း မြှုပ်နှံထားခဲ့သော်လည်း လင်းသီကျေးရွာတွင်တွေ့ရှိသော ရုပ်အလောင်းများကိုမူ ရွှေ့ပြောင်း မြှုပ်နှံထားခြင်း မရှိကြောင်း သိရသည်။

“ တချို့အလောင်းတွေ ဒီမိုးရာသီမှာပေါ်လာ နိုင်တယ်၊ ကျောင်းကုန်းရွာတောင်ကုန်း တွေရယ်၊လင်းသီရွာဟောင်းဖက်တွေ၊ရေစင်ကျေးရွာဖက်တွေမှာလည်းစစ်ကောင်စီ အလောင်းတွေ တွေ့နိုင်တယ်။ မြုပ်ထားတဲ့စစ်သားအလောင်းတွေထပ်တွေ့နိုင်တယ်၊တချို့ရွာသားတွေက တွေ့လို့ ဘယ်သူ့မှထုတ်မပြောပဲတိုးတိုးတိတ်တိတ်မြုပ်လိုက်တာတွေရှိတယ် ” ဟု ဒေသခံ တစ်ဦး ကပြောသည်။

သူဌေးရေအားလျှပ်စစ် စီမံကိန်းအနီးတွင်လည်း စစ်ကောင်စီတပ်သား ရုပ်အလောင်း တချို့ ရှိနေကာကျောင်းကုန်းကျေးရွာ တာဝါတိုင်ကုန်းတွင်လည်း စစ်ကောင်စီအလောင်းတချို့ ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် AA တို့ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျှက်ရှိနေပြီး စစ်ကောင်စီတပ်ဖွဲ့များ တပ်ဆုတ်ချိန် တပ်သားအလောင်းများကို ကျေးရွာများနှင့် တပ်စွဲနေရာများ တွင် မြေမြှုပ်ထား ခဲ့ကြကြောင်းလည်းဒေသခံများက ပြောဆိုကြသည်။

ရခိုင်ပြည်၊သံတွဲမြို့ ရွှေလှေတိုက်နယ် ကျေးရွာများရှိ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တိုက်ပွဲတွင် စစ်ကောင်စီမှ ၁၀၀ ကျော်ကျဆုံးခဲ့ကာ လင်းသီကျေးရွာတိုက်ပွဲ တစ်ခုတည်းတွင် စစ်ကောင်စီဘက်မှ ၅၀ ကျော်သေဆုံးခဲ့ကြောင်းလည်း ဒေသခံများမှ နိရဉ္စရာသို့ ပြောကြားထားသည်။

ရွှေလှေတိုက်နယ်၊ လင်းသီ၊ ကျောင်းကုန်း၊ဒေါ်မြ စသည့် ကျေးရွာများတွင် မေလ ၁၅ရက်နံနက်မှ စတင်ကာအာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီး အာရက္ခတပ်တော်မှရွှေလှေ-သံတွဲလမ်းအား နတ်တောင်မော်ကျေးရွာအနီးမှ ဖြတ်တောက် ပိတ်ဆို့လိုက် သောကြောင့်တိုက်ပွဲနယ်မြေအတွင်းရှိစစ်ကောင်စီတပ်သားများနှင့် နောက်တန်း တပ်ရင်းတို့ကြား အဆက်အသွယ် ပြတ်တောက်ကာ အကျအဆုံးများခဲ့ပြီးယခုရက်ပိုင်း တိုက်ပွဲများရပ်တန့်လျက်ရှိကြောင်းသိရ သည်။

တိုက်ပွဲများပြင်းထန်ခဲ့သည့် သံတွဲမြို့နယ်၊ ကျောင်းကုန်းရွာ၊ လင်းသီရွာနှင့် အောက်နတ်မော်ရွာ၊ နတ်တောင်မော်ရွာတို့တွင်  စစ်ကောင်စီက ပစ်ခတ်သည့် လက်နက်ကြီးကျရောက်ပေါက်ကွဲသဖြင့် ဒေသခံအရပ်သားပြည်သူ ၂၆ ဦးသေဆုံးခဲ့ပြီး နေအိမ် စုစုပေါင်း ၃၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

လက်ရှိတွင် နေရပ်စွန့်ခွာနေရသည့် သံတွဲဒေသခံ ၂၀၀၀ နီးပါး  ရှိနိုင်ကြောင်း ဒေသခံများက ခန့်မှန်းကြပြီးစစ်ကောင်စီက ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထားသဖြင့် ဆေးဝါးနှင့် ကုန်စည်ပြတ်လပ်မှုများရှိနေကြောင်း သိရသည်။

ပုံစာ - တိုက်ပွဲဖြစ်ပွားခဲ့သောကျောင်းကုန်းကျေးရွာအားတွေ့ရစဉ် (ဓာတ်ပုံ-ကိုကျော်မင်းနိုင်)

ဆက်စပ် သတင်းများ