- Web Master
- ၀၄ စက်တင်ဘာ ၂၀၂၄
ရခိုင်ပြည်၊
ကျောက်ဖြူမြို့နယ်တွင် ယနေ့နံနက်ပိုင်းက
စစ်ကောင်စီ၏ ရဲအုပ်တစ်ဦး
လက်နက်ခဲယမ်း အပြည့်အစုံဖြင့်
ထွက်ပြေးသွားကြောင်းသတင်းရရှိသည်။
ထွက်ပြေးသွားသည့်ရဲအုပ်မှာ
အသက် ၃၀ ကျော်အရွယ်ဖြစ်ပြီး ကျောက်ဖြူမြို့နယ် ၊ဂုံးချွိန်ကျေးရွာ အထက်တန်းကျောင်းတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ထဲမှ ဖြစ်ကြောင်းသိရသည်။
သူသည်
ယနေ့ နံနက်ပိုင်းတွင် တပ်စွဲထားသည့်စာသင်ကျောင်းမှထွက်ပြေးသွားခြင်းဖြစ်ပြီး
စစ်တပ်က ဂုံးချွိန်အုပ်စုရှိကျေးရွာများတွင် အသည်းသန်လိုက်ရှာဖွေနေကြောင်းဒေသခံများကပြောသည်။
" အခုမနက်ပိုင်းက ပြေးသွားတာဖြစ်နိုင်တယ်။သူက
ရဲတပ်ဖွဲ့က နှစ်ပွင့်ရှိတဲ့ အရာရှိလို့သိရတယ်။ စစ်တပ်ကဂုံးချွိန်ရွာကိုပိတ်ထားပြီးတော့ ရွာထဲလိုက်ရှာနေကြတယ်" ဟု ဒေသခံ သတင်းရင်းမြစ် တစ်ဦးကပြောသည်။
အဆိုပါရဲအုပ်သည်
ပစ္စတိုတလက်၊ သေနတ်တစ်လက်၊ လက်ပစ်ဗုံးအပါအဝင် ကျည်ကပ်များ အပြည့်စုံယူ၍
ထွက်ပြေးသွားခြင်းဖြစ်ကြောင်းသိရသည်။
"ပစ္စတိုတွေ
လက်ပစ်ဗုံးတွေလည်းပါသွားတယ်လို့သိရတယ်။ ပြီးတော့ သေနတ်အရှည် တစ်လက်။ အဲဒီလိုသေနတ်လည်းပါသွားတယ်လို့ စစ်တပ်ဘက်ကအတွင်းလူတွေဆီကနေသိထားရတယ်။ " ဟု
ဒေသခံတစ်ဦးကပြောသည်။
ဂုံးချွိန်ကျေးရွာအထက်တန်းကျောင်းတွင် စစ်တပ်က ရခိုင်တိုက်ပွဲစတင်ပြီး ၂၀၂၃ ဒီဇင်ဘာလ ကတည်းက တပ်စွဲနေပြီး ဒေသခံများကိုဧည့်စာရင်းစစ်ဆေးခြင်း၊ မသင်္ကါသလိုတွေ့သည်နှင့် ဖမ်းဆီးခြင်း၊ ကျေးရွာအတွင်းကင်းလှည့်သွားလာခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။(NN-23)