ရခိုင်ကမြို့ ၁၁ ခုတွင် ယမန်နေ့က သုံးနာရီခန့် လျှပ်စစ်မီး ပြတ်တောက်ခဲ့ခြင်းမှာ အမ်း-ပုဏ္ဏားကျွန်းလိုင်းရှိ ကွိုင်လောင်သွား၍ဟုဆို
-
ရေးသူ:
Web Master
-
| ရက်စွဲ:
၁၈ စက်တင်ဘာ ၂၀၂၁
-
| ကြည့်ရှုသူ:
7.1k
နိရဥ္စရာ၊ စက်တင်ဘာလ ၁၈/၂၀၂၁
ရခိုင်မှ မြို့ ၁၁ ခုတွင် ယမန်နေ့ညက (၃)နာရီခန့်အကြာ လျှပ်စစ်မီး ပြတ်တောက်ခဲ့မှုမှာ အမ်းမြို့မှ ပုဏ္ဏားကျွန်းဓာတ်အားခွဲရုံသို့ပို့သည့် လိုင်းရှိ ကွိုင်လောင်သွား၍ဖြစ်သည်ဟု အမ်းဓာတ်အားခွဲရုံမှူး ဦးခိုင်စိုးက နိရဥ္စရာကို ပြောသည်။
"အမ်းကနေ ပုဏ္ဏားကျွန်းခွဲရုံကိုပို့တဲ့လိုင်း အဲ့ဒီလိုင်း ချို့ယွင်းမှုဖြစ်သွားတာပေါ့။ Tripping coil လောင်သွားလို့ အသစ်လဲတာနဲ့ဘာနဲ့ဆို့တော့ ၃ နာရီ လောက်တော့ ကြာသွားတာပေါ့။ ပုဏ္ဏားကျွန်းကနေ မြို့နယ် ၁ဝမြို့နယ် လောက်ကိုပေးထားတာဆိုတော့ မြို့နယ် ၁ဝကျော်လောက် ပြတ်သွားတာပေါ့"ဟု ပြောသည်။
ရခိုင်မှ မြို့ ၁၁ မြို့ဖြစ်သည့် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ အမ်း၊ ရသေ့တောင်၊ ဘူးသီးတောင်နှင့် မောင်တောစသည့်မြို့များတွင် ယမန်နေ့ စက်တင်ဘာလ ၁၇ ရက် ညနေ ၅ နာရီခွဲခန့်မှ စတင်ကာ လျှပ်စစ်မီးပြတ်တောက်ခဲ့ခြင်းဖြစ်သည်။
ပြတ်တောက်သွားခဲ့သည့်လျှပ်စစ်မီးသည် ယမန်နေ့ ည ၈ နာရီခွဲခန့်တွင် ပြန်လည်ရရှိခဲ့သည်ဟု သိရသည်။