ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

ပုဏ္ဏားကျွန်းတွင်၂၀၂၁ခုနှစ်ကတည်းလျှပ်စစ်မီတာပြေစာများကိုပြခိုင်းပြီး မပြနိုင်သောအိမ်များကိုမီးဖြတ်ကာအတင်းငွေပြန်သွင်းခိုင်း


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ ဇန်နဝါရီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.5k

နိရဥ္စရာ၊ ဇန်နဝါရီ ၂၅/၂၀၂၃

ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်က မီတာဆောင်ထားသည့် ပြေစာများကို ပြခိုင်းပြီး မပြနိုင်သောအိမ်များကို မီးဖြတ်ကာ မီတာအတင်းပြန်သွင်းခိုင်နေသည်ဟု ကာယကံရှင်များကပြောသည်။ 

ယမန်နေ့ ဇန်နဝါရီ ၂၄ ရက်၊ နံနက်ပိုင်းက ပုဏ္ဏားကျွန်းမြို့ တွင် ၂၀၂၁ ခုနှစ်က မီတာများ မဆောင်ထားဟုဆိုကာ သက်သေပြေစာမပြနိုင်သည့်အိမ်များကို မီဖြတ်ခြင်း၊ ငွေပြန်သွင်းခိုင်းများ ပြုလုပ်ခဲ့သည်ဟု ကိုယ်တိုင်ငွေပြန်သွင်းခဲ့ရသည့် ကာယကံရှင် ကိုအေးလွင်က ပြောသည်။ 

"တချို့လူတွေမှာ ၂၀၂၁ ကပြေစာတွေ မရှိတော့ဘူးလေ။ မသိမ်းထားကြတော့ဘူး။ ပြေစာမရှိရင် အထောက်အထား မပြနိုင်ကြဘူးပေါ့။ အိမ်တိုင်းအိမ်တိုင်းတော်တော်များများက ပါသွားကြတယ်။ တချို့လူတွေက အခုလို တစ်လုံးတစ်ခဲနဲ့ပေးရတော့ တက်နိုင်လူရှိတယ်။ မတက်နိုင်လူရှိတယ်လေ။ တခါတည်း မီးဖြတ်ခဲ့တာမျိုးတွေ ရှိတယ် ကြိုတင်အသိပေးပြီးမှ ဖြတ်သင့်တယ်"ဟု ပြောသည်။ 

EPC ဝန်ထမ်း (၇) ဦးခန့်သည် ကြိုတင်အကြောင်းကြားခြင်းတစ်စုံတစ်ရာမရှိသလို အကြောင်းအရင်းကို အရင်မပြောဘဲ မီတာဖြတ်တောက်ခဲ့ကြောင်း ရွာဟောင်းရပ်ကွက်မှ မစိုးစိုးလွင်က နိရဥ္စရာကို ပြောသည်။

"လာတာနဲ့ အိမ်ထဲမဝင်ခင် မီးတိုင်ကသွားဖြတ်ပြီးမှ ကျမကို လာပြောပါတယ်။ မီးဘာကြောင့် ဖြတ်လဲပြောတော့ မီတာသွင်းလို့မရှိလို့ဖြတ်တယ်ပြောပါတယ်။ ကျနော်တို့နဲ့မဆိုင်ဘူး မီတာရုံးသွားရှင်းလို့ပြောပါတယ်။ ရုံးက ဖြတ်ပိုင်းမပြရင် လျော်ရမယ်ပြောပါတယ်။ လျော်ပြီးမှ ပြန်လာဆက်ပေးတယ်" 

၂၀၂၁ ခုနှစ်က မီတာကိစ္စအား ၂၀၂၂ တစ်နှစ်လုံး တစ်စုံတစ်ရာ မစစ်ဆေးဘဲ ယခု ၂၀၂၃ ခုနှစ်ကိုရောက်မှ လာရောက် ဖြတ်တောက်မှုမှာ လက်ခံ၍ မခံရသလို EPC ဘက်မှ စာရင်းများအား ပြန်စစ်ဆေးရန် တောင်းဆိုရာတွင်လည်း စာရင်းမရှိတော့ဘူးဟုဆိုကာ ငြင်းဆိုခဲ့သည်ဟု ကာယကံရှင်များက ပြောသည်။ 

"ရက်ပိုရင်တောင် ရက်ပိုကြေးပေးရတာ (၆) လတိတိ မသွင်းဘဲဆိုတာက လုံးဝမဖြစ်နိုင်ပါဘူး။ ကျမတို့ တစ်အိမ်တည်းမဟုတ်ဘူး။ တခြားအိမ်တွေလည်း ဒီလိုပဲ။ သူတို့ဘက်က စာရင်းကိုလည်း ချမပြဘူး။ ကြည့်မယ်ဆိုတော့ မရှိတော့ဘူးလို့ ပြောပါတယ်။ ၂၀၂၁ အတွက်ကိုလုပ်တယ်ဆိုရင် ၂၀၂၂ ကိုလည်း အခုလိုမျိုး အကြောင်းပြပြီး ငွေတောင်းလာအုံးမှာဘဲ။ ၂၀၂၁ နှစ်ကဟာကို ၂၀၂၃ မှလာစစ်နေတော့ ဘယ်လိုရှိတော့မလဲ။ တစ်လမှာ အိမ်ခြေ (၂၀) လုပ်မယ်။ တစ်မြို့လုံးပါတယ်လို့ ပြောပါတယ်"ဟု မစိုးစိုးလွင်က ဆက်ပြောသည်။

ယခုကဲ့သို့ မီတာဖြတ်တောက်မှုများကြောင့် လျှပ်စစ်မီးပြန်လည်ရရှိရေးအတွက် တောင်းခံသည့် ငွေကြေးပမာဏကို မတတ်နိုင်သော်လည်း ပေးဆောင်ခဲ့ရကြောင်း ကာယကံရှင်များက ပြောသည်။

စစ်ရေး၊ နိုင်ငံရေးမတည်ငြိမ်မှုနှင့်အတူ စီးပွားရေးအကျပ်အတည်းရောက်နေချိန်ဖြစ်သည့်အတွက် ပြည်သူများ နစ်နာမှုမရှိရအောင် ျှပ်စစ်ဝန်ကြီးဌာနအနေနှင့် ယခုကိစ္စများကို မှန်မှန်ကန်ကန် စစစ်ပေးရန် လိုလားကြောင်း မြို့ခံများက ပြောသည်။

ယခုကိစ္စနှင့် ပတ်သက်၍ ပုဏ္ဏားကျွန်းမြို့နယ် လျှပ်စစ်ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးမိုးကျော်သူအား နိရဥ္စရာ သတင်းဌာက ဖုန်းနှင့်အကြိမ်ကြိမ်ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါ 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ သြဂုတ်လက ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင်လည်း မီတာဆောင်ထားသည့် ပြေစာမပြနိုင်သောအိမ်များကို မီတာဖြတ်တောက်ခြင်း၊ ပြန်လည်သွင်းဆောင်ခိုင်းမှုများ ပြုလုပ်ခဲ့သေးသည်။(NN-7)

 

ဆက်စပ် သတင်းများ