နိရဥ္စရာ၊ မတ် ၄ /
၂၀၂၃
ရခိုင်ပြည်နယ်၊
မာန်အောင်မြို့ပေါ်ရပ်ကွက်များနှင့် အနီးအနားကျေးရွာအချို့ကို
လျှပ်စစ်မီး ဖြန့်ဖြူးပေးသည့် နေရောင်ခြည်သုံးစွမ်းအင်သုံး
ဆိုလာအထိုင်စက်မှာ ချွတ်ယွင်းမှုကြောင့် ရပ်ဆိုင်းထားရ၍
ဒေသခံများမှာ လျှပ်စစ်မီးသုံးစွဲမှုအခက်အခဲကြုံနေကြရသည်ဟု ပြောကြသည်။
ယင်းသို့
စက်ချွတ်ယွင်းမှုကြောင့် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလခန့်မှစတင်ကာ
ဆိုလာလျှပ်စစ်ဖြန့်ဖြူးမှုကိုရပ်နားထားရခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။
လက်ရှိတွင်
မြို့နယ်လျှပ်စစ်ရုံးက 500 KV မီးစက်ဖြင့်
လျှပ်စစ်မီးပေးဝေထားသော်လည်း တစ်နေ့တွင် ၆ နာရီသာရရှိသဖြင့်လျှပ်စစ်မီးသုံးစွဲမှု
အခက်အခဲရှိနေကြောင်း မာန်အောင်မြို့ခံ ကိုကျော်မျိုးနိုင်က ပြောသည်။
"ဆိုလာက
အထိုင်စနစ်ချွတ်ယွင်းလို့ဆိုပြီး မီးမရတာ ၆ လလောက်ရှိပါပြီ။
မြို့နယ်လျှပ်စစ်ရုံးကို
မေးကြည့်တော့ စက်ပစ္စည်းတွေက
ကိုရီးယားကမှာရမှာဆိုတော့ သူတို့လည်း မနိုင်ဘူးဖြစ်နေတယ်လို့ ပြောတာရှိပါတယ်။
သူတို့က နိုင်ငံတော်အဆင့်ကို တင်ပြထားတယ်လို့ပြောပါတယ်" ဟု
ပြောသည်။
ထိုသို့
ဆိုလာစနစ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးမှုရပ်ဆိုင်းပြီးနောက် မြို့နယ်လျှပ်စစ်ရုံးက
500 KV မီးစက်ဖြင့်
ရပ်ကွက် အလိုက် နံနက် ၅ နာရီမှ ၇ နာရီအထိတစ်ကြိမ်၊ ည ၆ နာရီမှ ၁၀ နာရီအထိ တစ်ကြိမ်၊ တစ်နေ့လျှင် ၆ နာရီ ဖြန့်ဖြူးပေးနေသော်လည်း
လျှပ်စစ်သုံးစွဲမှု လုံလောက်မှုမရှိ၍ အခက်အခဲကြုံနေရကြောင်း သူက ဆက်ပြောသည်။
"လုံလောက်မှုမရှိတော့
အသေးစားစက်မှုလုပ်ငန်းတွေကအစ မလုပ်နိုင်တော့တာတွေရှိပါတယ်" ဟု ပြောသည်။
လက်ရှိ
မီးစက်ဖြင့်ဖြန့်ဖြူးပေးနေရာတွင်လည်း နံနက်အစောနှင့်
ညဘက်တို့တွင်သာ နာရီပိုင်းမျှ လျှပ်စစ်မီးရရှိနေ၍ အခက်အခဲဖြစ်ရကြောင်း
မာန်အောင်မြို့ပေါ်မှ ဝရိန်လုပ်ငန်းလုပ်ကိုင်သူ ကိုညီလေးက ပြောသည်။
"ကျနော်တို့က မီတာဆောင်တဲ့အခါ လုပ်ငန်းသုံးဆိုပြီးတော့
ဆောင်ရပါတယ်။ တစ်ယူနစ်ကို ၁၂၅ ကျပ်ဆောင်ရပါတယ်။ ဆိုတော့
သူတို့လျှပ်စစ်မီး ကျနော်တို့ဆီကိုရောက်တဲ့အချိန်က မနက် ၅ နာရီလာပြီး ၇
နာရီပြတ်တယ်။ ညဖက် ၆ နာရီက ၁၀ နာရီထိလာတယ်။ အလုပ်လုပ်ရမယ့် အချိန်မီးကမလာဘဲ လုပ်ငန်းသုံးအဖြစ်
မီတာဆောင်နေရတဲ့ အပိုင်းတွေရှိတယ်" ဟု ပြောသည်။
မာန်အောင်မြို့ခံများအနေဖြင့်လည်း
ဆိုလာစနစ်နှင့် လျှပ်စစ်ဓာတ်အားပေးမှု ပြန်လည်ပတ်နိုင်ရေး အတွက် ဇန်နဝါရီလအတွင်းက
စစ်ကောင်စီဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ
စာတင်တောင်းဆိုခဲ့သော်လည်း တစ်စုံတရာဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း
မြို့ခံများက ပြောသည်။
အဆိုပါ
ဆိုလာစနစ်လျှပ်စစ်ဖြန့်ဖြူးရေးစီမံကိန်းကို ၂၀၁၉ ခုနှစ် NLD
အရပ်သားအစိုးရ လက်ထက်တွင်
အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ယင်းနှစ်၊ ဒီဇင်ဘာလ ၁၉ ရက်တွင် ပြုလုပ်ခဲ့သည့် ဆိုလာလျှပ်စစ်ဓာတ်အားပေးစက်ရုံဖွင့်ပွဲအခမ်းအနားကိုလည်း
ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာ
၂၀ ရက်မှစတင်ပြီး မာန်အောင်မြို့ပေါ်ရပ်ကွက်များအပါအဝင်
ခအုံးမော်ကျေးရွာနှင့်
ကောင်းတန်းကျေးရွာတို့အား ယင်းဆိုလာစက်ရုံမှတဆင့် ၂၄ နာရီ လျှပ်စစ်မီး
ဖြန့်ဖြူးပေးခဲ့သော်လည်း ၇ လအကြာတွင် စက်ချွတ်ယွင်းမှုဖြစ်ပေါ်ခဲ့၍
လျှပ်စစ်မီးဖြန့်ဖြူးပေးမှု ရပ်တန့်ခဲ့သေးသည်။
ပြန်လည်ပြုပြင်ပြီးနောက် ၂၀၂၁
ခုနှစ်၊ ဇန်နဝါရီ ၅ ရက်တွင် ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးကို ပြန်လည် ဖြန့်ဖြူး
ပေးနိုင်ခဲ့သော်လည်း ထပ်မံ စက်ချွတ်ယွင်းကာ လက်ရှိတွင် လျှပ်စစ်မီးပေးနိုင်ခြင်းမရှိတော့ဟု
မြို့ခံများက ပြောသည်။
မာန်အောင်မြို့နှင့် ၁၀
မိုင်ပတ်လည် ကျေးရွာများတွင် မဟာဓာတ်အားလိုင်းမှ လျှပ်စစ်ကြိုးများ သွယ်တန်းပြီး
ထရန်စဖော်မာများတပ်ဆင်ထားပြီးသော်လည်း မဟာဓာတ်အားလိုင်းမှ
လျှပ်စစ်မီးဖြန့်ဝေပေးမှုမရှိသေးကြောင်း မြို့ခံများက ပြောသည်။ (NN-23)
ဓာတ်ပုံ
- မာန်အောင်ရှိ ဆိုလာစက်ရုံတစ်နေရာအားတွေ့ရစဉ်။