ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

ရခိုင်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း လုပ်ငန်းရှင်များ၏ လျှပ်စစ်မီးသုံးချိန် ကန့်သတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ မတ် ၂၀၂၃
  • | ကြည့်ရှုသူ: 10.6k

နိရဥ္စရာ၊ မတ် /၂၀၂၃

ရခိုင်ပြည်နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေးအတွက် စက်မှုလုပ်ငန်းရှင်များ၏ လျှပ်စစ်မီးသုံးစွဲချိန်ကို ပြည်နယ်လျှပ်စစ်ဌာနက ကန့်သတ်ပိတ်ပင်လိုက်သည်။

"စာမေးပွဲအကြိုကာလနှင့် စာမေးပွဲကာလအတွင်း လျှပ်စစ်မီးပြတ်တောက်မှု မရှိစေရေး အတွက် ဓာတ်အားလိုအပ်ချက်အရ ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်ဓာတ်အားသုံးစွဲနေသော အသေးစား၊ အလတ်စား၊ စက်မှုလုပ်ငန်းများ (ဥပမာ - သံရည်ကျိုလုပ်ငန်း၊ ပလပ်စတစ်လုပ်ငန်း၊ ရေခဲစက်၊ စက်၊ယက္ကန်းလုပ်ငန်း၊ စက္ကူစက်လုပ်ငန်း၊ ရေသန့်စက်ရုံ၊ တွင်ခုံလုပ်ငန်း၊ ဆန်စက်၊ ဆီစက်၊ အမှုန့်ကြိတ်စက်၊ ကျောက်ခွဲစက် စသည်ဖြင့်-) တို့အား (၁.၃.၂၀၂၃) ရက်နေ့မှ (၁၈.၃.၂၀၂၃) ရက်နေ့ထိ နေ့စဉ် ညနေ (၁၈:၀၀) နာရီမှ နောက်တစ်နေ့ နံနက် (၀၆:၀၀) နာရီ အထိ လုပ်ငန်းဆောင်ရွက်ခြင်းမပြုလုပ်ကြပါရန် မေတ္တာရပ်ခံ ပန်ကြားအပ်ပါသည်"ဟု ရခိုင်ပြည်နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းက ယနေ့ မတ်လ ၃ ရက်တွင် ထုတ်ပြန်ကြေညာသည်။

လုပ်ငန်းရှင်များအနေဖြင့် လိုက်နာဆောင်းရွက်ခြင်းရှိ/မရှိကို တာဝန်ရှိသူများက အခါအားလျော်စွာ လိုက်လံစစ်ဆေး ဆောင်ရွက်သွားမည်ဟုလည်း ဆိုထားသည်။

ယင်းနှင့်ပတ်သက်၍ အသေးစားလုပ်ငန်းရှင်တစ်ဦးက "မီးက နေ့လယ် နေ့ခင်းလည်း မှန်တာမဟုတ်ဘူး။ ညနေအချိန်၊ လူအိပ်ချိန်မှ လာတာများတော့ အဲဒီအချိန် အလုပ်ထလုပ်ရတယ်။ အခုလို ညအချိန်အလုပ်လုပ်ရမဲ့အချိန်မှာ မသုံးရဘူးလို့ တားမြစ်ပိတ်ပင်လိုက်တော့ ဆုံးရှုံးနစ်နာမှုတော့ရှိတာပေါ့။ ဖြစ်သင့်တာက နေ့လယ်၊ နေ့ခင်းတွေမှာ ကျနော်တို့လုပ်ငန်းရှင်တွေအတွက်အဆင်ပြေအောင် မီးပေးစေချင်ပါတယ်"ဟု ပြောသည်။


ရခိုင်တွင် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အပါအဝင် စစ်ကောင်စီဝန်ကြီးများ ရောက်ရှိလျှင် လျှပ်စစ်မီး ၂၄ နာရီရရှိပြီး သူတို့ပြန်သွားပါက တစ်နေ့လျှင် ၃ ကြိမ်ထက်မနည်း လျှပ်စစ်မီး ပြတ်တောက်မှုများရှိသည်ဟု ဒေသခံများက ပြောသည်။

တစ်ကြိမ်ပြတ်လျှင် ၅ နာရီအထက် ကြာမြင့်တတ်၍ စာမေးပွဲဖြေဆိုမည့် ကျောင်းသူ/သားများ စာကျက်ရန်နှင့် ဒေသခံများအတွက် အခက်တွေ့နေရသည်ဟုလည်း ဆိုကြသည်။


၂၀၂၂-၂၀၂၃ ပညာသင်နှစ်၏ စနစ်ဟောင်းအတွက် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက်မှ ၁၈ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။

အဆိုပါစာမေးပွဲတွင် ရခိုင်မှ ကျောင်းသူ/သား ၁၉၁၆၅ ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး တဟ်ပြည်လုံးတွင် စာစစ်ဌာန ၆၀ ခု ဖွင့်၍ စစ်ဆေးသွားမည်ဟု ပြည်နယ်ပညာရေးမှူးရုံးမှ သိရသည်။

ဓာတ်ပုံ - ရခိုင်ပြည်နယ်လျှပ်စစ်

 

ဆက်စပ် သတင်းများ