ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

ရခိုင်ပြည်နယ်အတွင်း လျှပ်စစ်မီးပြန်ရရန် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁၀၀၀ ကျော်ဖြင့် လုပ်ဆောင်နေဟုဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ မေ ၂၀၂၃
  • | ကြည့်ရှုသူ: 1k

ရခိုင်ပြည်နယ်တွင် လျှပ်စစ်မီးပြန်ရရန်အတွက် လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၁၀၂၀ ဦးဖြင့် ဆောင်ရွက်လျက်ရှိကြောင်းရခိုင်ပြည်နယ်ကောင်စီက ယနေ့ ထုတ်ပြန်သည်။

မေလ ၁၄ ရက်က တိုက်ခတ်သွားသည့် မုန်တိုင်းကြောင့် ဓာတ်မီးတိုင်များ ပြိုလဲပျက်စီးသွားခဲ့သဖြင့် ယနေ့အချိန်ထိ ရခိုင်ပြည်နယ် တစ်ဝန်းလုံးတွင် လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့သည်။

 

လျှပ်စစ်ဝန်ထမ်း တစ်ထောင်ကျော်ကို အသုံးပြုပြီး လျှပ်စစ်ဓာတ်အား အမြန်ဆုံး ပြန်လည်ဖြန့်ဖြူးပေးနိုင်ရန် ဆောင်ရွက် လျက်ရှိသည်ဟု ပြည်နယ် စစ်ကောင်စီ၏ သတင်းများကို ဖော်ပြနေသည့် ရခိုင်နေ့စဉ်လူမှုကွန်ရက်တွင် ယနေ့မေလ ၁၈ ရက်က ရေးသားထားသည်။

 

ရခိုင်နေ့စဉ်ကရေးသားထားသည့်အထဲတွင် လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ လျှပ်စစ် ဓာတ်အားပို့လွှတ်ရေးနှင့်ကွပ်ကဲရေးဦးစီးဌာနမှ ကျွမ်းကျင်ဝန်ထမ်း ၄၂၀ ဦးကို စစ်တွေ၊ မြောက်ဦး၊ ပုဏ္ဏားကျွန်းမြို့နယ်များတွင်ဖြန့်ခွဲ၍ မဟာဓာတ်အားလိုင်းများ ပြန်လည်တည်ဆောက်ရေးကို ဆောင်ရွက်လျက်ရှိသည်ဟု ပါရှိသည်။

 

ထို့ပြင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးလုပ်ငန်းအနေဖြင့် ရန်ကုန်၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ရှမ်းပြည်နယ် (မြောက်ပိုင်း)၊နေပြည်တော်၊ မန္တလေး၊ မကွေး၊ ဧရာဝတီတိုင်းတို့မှ လျှပ်စစ်ကျွမ်းကျင်ဝန်ထမ်း ၆၀၀ ဦးမှ စစ်တွေမြို့အတွင်း ပြန်လည်တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်လျက်ရှိ၍ မေလကုန်၌ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသတစ်ခုလုံးအား လျှပ်စစ်ဓာတ်အားပြန်လည်ရရှိနိုင်မည် ဖြစ်သည်ဟု ဆိုသည်။

 

ရခိုင်ပြည်နယ်တွင် မိုခါမုန်တိုင်းတိုက်ခတ်မှုကြောင့် စစ်တွေမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်၊ မြောက်ဦးမြို့နယ်၊ ရသေ့တောင်မြို့နယ် အစရှိသည့် ရခိုင်ပြည်နယ်မြောက်ပိုင်းမှ မုန်တိုင်းဒဏ်ခံခဲ့ရသည့် မြို့နယ်များတွင် လမ်းမီးတိုင်များနှင့် လျှပ်စစ်ဓာတ်အားကြိုးများ ပျက်စီးပြတ်တောက်မှုများစွာရှိခဲ့သည်။

 

လက်ရှိရခိုင်ပြည်နယ်က မုန်တိုင်းဒဏ်အများဆုံးခံခဲ့ရသည့် မြို့နယ်များရှိ လမ်းမများတွင် လမ်းမီးတိုင်များ ပြိုလဲကျမှုများနှင့် သစ်ပင်များလဲကျနေမှုများကို ရှင်းလင်းနိုင်ခြင်း မရှိသေးဟု  စစ်တွေဒေသခံတစ်ဦးကပြောသည်။

 

" လမ်းတွေမှာ မီးတိုင်လဲကျနေတာတွေ၊ သစ်ပင်လဲကျနေတာတွေကို အမြန်ရှင်းပေးရင်ကောင်းမယ်။ လမ်းသွားလမ်းလာတွေ အတွက်လည်း အန္တရာယ်များတယ်" ဟုပြောသည်။

 

အဆိုပါ ပြင်ဆင်ခြင်းလုပ်ငန်းများ‌၊ အချိန်မီပြုပြင်ပြင်ဆင်နိုင်ရန်လိုအပ်သည့် ထရန်စဖော်မာများ၊ ဓာတ်အားခွဲရုံသုံး ဆက်စပ် ပစ္စည်းများဖြစ်သည့် တာဝါ သံဘောင်များ၊ ကွန်ကရစ်တာဝါတိုင်(၃၅၀၀)နှင့် အိမ်မိုးသွပ်ချပ်(၁၅၀၀)၊မီးစက်များ၊စက်သုံးဆီများအား စစ်ကောင်စီ  တပ်မတော်ရေယာဉ်များ၊ မင်းပြားဒေသရှိ ကွန်ကရစ်တိုင် (၂၀၀၀)အား စစ်တွေဒေသသို့ ကားများဖြင့်၊အခြားဆက်စပ်အသုံးပြုရန် လိုအပ်သည့် ထရန်စဖော်မာများ၊ ကြိုးများ၊ ကြွေသီးများ၊ လိုင်းဆွဲရာတွင်အသုံးပြုသည့် ယန္တရားများအား ကား(၁၂)စီးဖြင့် အသီးသီးပို့ဆောင်ပေးလျက်ရှိပြီး ကျန်ရှိသောပစ္စည်းများကိုလည်း ကားများဖြင့် ဆက်လက်ပို့ဆောင်ပေးလျက်ရှိသည်ဟု သိရှိရသည်။

(NN-8)

 

ဓာတ်ပုံံ- ရခိုင်နေ့စဥ်

ဆက်စပ် သတင်းများ