ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

မုန်တိုင်းကြောင့် လျှပ်စစ်မီးပြတ်တောက်သွားသည့် ဘူးသီးတောင်နှင့် မောင်တောမြို့ တို့တွင် နှစ်လခန့်အကြာမှ လျှပ်စစ်မီးပြန်ရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၃ ဇူလိုင် ၂၀၂၃
  • | ကြည့်ရှုသူ: 838

မုန်တိုင်းကြောင့် လျှပ်စစ်မီး ပြတ်တောက်သွားသည့် ရခိုင်ပြည်နယ် အနောက်ဘက် အစွန်ဆုံး မြို့နှစ်မြို့ဖြစ်သည့် ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် မုန်တိုင်းတိုက်ပြီး (၂) လခန့်အကြာ ယနေ့၌ လျှပ်စစ်မီး ပြန်လည်ရရှိခဲ့သည်ဟု သတင်းရရှိသည်။


ဘူးသီးတောင်နှင့် မောင်တောမြို့တို့တွင် ယနေ့ ဇူလိုင်လ ၁၃ ရက်၊ နံနက် ၁၁ နာရီကျော်က လျှပ်စစ်မီး ပြန်လည်ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဘူးသီးတောင်မြို့ခံ ကိုမောင်မေယုက တစ်မြို့လုံးကတော့ မီးရနေပြီ။ တချို့လမ်းတွေမှာဆို မီးကြိုးတွေ ပြတ်နေသေးလို့ မရကြသေးဘူးဟု ပြောသည်။

အလားတူ မောင်တောမြို့တွင်လည်း အခြေခံပညာစာသင်ကျောင်းများနှင့် အစိုးရဌာနဆိုင်ရာ ရုံးများတွင်သာ ဦးစားပေးရရှိနေပြီး မြို့တွင်းရှိ နေအိမ်များတွင် ယနေ့ နေ့လယ် ၂ နာရီအထိ မရရှိသေးဟု မြို့ခံတစ်ဦးဖြစ်သူ ဦးကိုလတ်ထွန်းက ပြောသည်။

ရပ်ကွက်အလိုက် ဖြန့်ပေးတဲ့ ထရန်စဖော်မာတွေကို လျှပ်စစ်ဌာနက တစ်လုံးချင်းလိုက်ပြီး ဖွင့်လို့ စစ်ဆေးပြီးမှ ရမယ်ပြောတယ်။ တပြိုင်တည်းဖွင့်ဖို့ကလည်း သူတို့မှာ လူမရှိဘူးထင်တယ်။ ဥပမာ ရပ်ကွက်(၃)မှာရှိတဲ့ ထရန်စဖော်မာကိုဖွင့်ရင် ရပ်ကွက်(၃)က အုပ်စုရမယ့်သဘော။ ဒီနေ့တော့ ရမယ်လို့ လျှပ်စစ်ဌာနက ပြောပါတယ်ဟု ပြောသည်။

ပြီးခဲ့သည့်မေလ ၁၄ ရက်က မိုခါမုန်တိုင်းတိုက်ခတ်ခဲ့မှုကြောင့် မြို့ နယ်(၁၀) ခုဖြစ်သည့် ပေါက်တော  ရသေ့တောင် စစ်တွေ၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့စသည့် မြို့နယ်တို့တွင် ျှပ်စစ်ဓာတ်အားခွဲရုံများ၊ ဓာတ်မီးတိုင်များနှင့် ဓာတ်ကြိုးလိုင်းများ ထိခိုက်ပျက်စီးသွားခဲ့ရသည်။

မုန်တိုင်းပြီးနောက် လျှပ်စစ်ဌာနက ရခိုင်ပြည်တွင်းနှင့် ပြည်မဘက်မှ ဝန်ထမ်းပေါင်း ၁ ထောင်ကျော်ဖြင့် ပြန်လည်ဆောင်ရွက်ခဲ့ရာ ဇွန်လ ၇ ရက်တွင် စစ်တွေနှင့် ပုဏ္ဏားကျွန်းမြို့၊ ဇွန် ၁၈ ရက်တွင် ကျောက်တော်မြို့၊ ဇွန် ၂၃ ရက်တွင် မြောက်ဦး၊ မင်းပြားနှင့် မြေပုံမြို့ ဇူလိုင်လ ၅ ရက်တွင် ရသေ့တောင်မြို့နှင့် ပေါက်တောမြို့တို့၌ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီးပြန်လည်ရရှိခဲ့သည်။

အဆိုပါ ၁ဝ မြို့နယ်တွင်းရှိ ကျေးရွာ ၁ဝ ရွာခန့်မှအပ အခြားကျေးရွာအများအပြားတွင် လက်ရှိအချိန်ထိ မဟာဓာတ်အားလိုင်းမှ လျှပ်စစ်မီး မရရှိသေးဟု ဒေသခံများက​ပြောသည်။ (NN-16)

ဆက်စပ် သတင်းများ