ဗုဒ္ဓဟူး၊ အောက်တိုဘာလ ၃၀ရက်၊ ၂၀၂၄

ရခိုင်မှ ယခင်လျှပ်စစ်မီးရရှိခဲ့သည့် ကျေးရွာများ မုန်တိုင်းတိုက်ပြီး ၄ လနီးပါးကြာသည့်တိုင် လျှပ်စစ်မီးမရရှိသေး


  • ရေးသူ: Web Master (NN 12)
  • | ရက်စွဲ: ၂၂ သြဂုတ် ၂၀၂၃
  • | ကြည့်ရှုသူ: 839

ရခိုင်မှ  ယခင်လျှပ်စစ်မီ ရရှိခဲ့သည့် မုန်တိုင်းသင့် ကျေးရွာအများအပြားမှာ ဆိုင်ကလုန်း မိုခါမုန်တိုင်းအပြီး ၄ လနီးပါး ကြာသည့်တိုင် လျှပ်စစ်မီးမရရှိသေးဟု သိရသည်။

မေလ ၁၄ ရက်နေ့က တိုက်ခတ်သွားသည့် မိုခါဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ပေါက်တော၊ ဘူးသီးတောင်နှင့် မောင်တောစသည့်မြို့နယ်များတွင် လျှပ်စစ်မီးတိုင်များ၊ အဆောက်အဦများပြိုလဲပြီး လျှပ်စစ်မီးများ ပြတ်တောက်သွားခဲ့သည်။

လက်ရှိမြို့ပေါ်တွင် လျှပ်စစ်မီး ပြန်ရနေပြီဖြစ်သော်လည်း ယခင်လျှပ်စစ်မီး ရရှိခဲ့သည့်  ကျေးရွာအများအပြားတွင် ယနေ့အချိန်ထိ လျှပ်စစ်မီး မရရှိသေးဟု ကျေးရွာသားများက ပြောဆိုသည်။

ကျောက်တော်မြို့နယ်၊ ကန်စောက်ကျေးရွာမှ ကိုစိုးမင်းထွန်းက " လျှပ်စစ်မီး မရတော့ အခက်အခဲက အမျိုးမျိုးရှိတယ်။ လျှပ်စစ်မီးရတုန်းက အချိန်ကုန်လည်း သက်သာတယ်။ လုပ်ငန်းပိုင်း ဆိုင်ရာတွေကလည်း အဆင်ပြေတယ်။ လျှပ်စစ်မီးမရတော့ မီးစက်တွေ ဝယ်ရတယ်။ ဆီဖိုးအကုန်အကျတွေ များတယ်" ဟု ပြောသည်။

အချို့ကျေးရွာများတွင် ပိုက်ဆံတတ်နိုင်သူများ ဝယ်ယူအသုံးပြုနေသည့် မီးစက်များ၌ ဖုန်း၊ အားဖြည့်မီးလုံးစသည်တို့ကို ကျပ် ၁ ထောင်မှ ကျပ် ၅ ထောင်ခန့်အထိ အခကြေးငွေပေးကာ သွားရောက်အားဖြည့်နေရမှုများလည်း ရှိနေသည်ဟု ဒေသခံများက ပြောသည်။



လက်ရှိအချိန်အထိ လျှပ်စစ်မီးမရရှိသေးသည့်အတွက် ထမင်းဟင်းချက်ပြုတ်ရေးနှင့် ကျောင်းသား/သူများ စာဖတ်ရာ၌လည်း အခက်အခဲဖြစ်လျက်ရှိသည်ဟု ရသေ့တောင်မြို့နယ်မှ အမျိုးသမီးတစ်ဦးက ပြောသည်။

"မီးကမရသေးတော့ ထမင်းဟင်းချက်ပြုတ်ရတာ အဆင်မပြေဘူး။ မီးသွေးတွေရှာပြီး ဝယ်ယူနေရတယ်။ ပြီးရင် ကလေးတွေ စာကျက်ရတာလည်း အခက်အခဲဖြစ်တယ်။ ဆိုလာနဲ့ ဘက်ထရီအိုးတွေ ဝယ်ပြီးသုံးနေတာ။ နေသာတဲ့ရက်တွေအဆင်ပြေပေမဲ့ မိုးဆက်တိုက်ရွာနေတဲ့ ရက်တွေမှာကျတော့ အဆင်မပြေဘူး" ဟု ပြောသည်။

ရခိုင်မှ မုန်တိုင်းသင့်ကျေးရွာများကို စက်တင်ဘာလအတွင်း လျှပ်စစ်မီးရရှိနိုင်အောင် ပြည်နယ်လျှပ်စစ်ဌာနက ဆောင်ရွက်နေသည်ဟုလည်း သိရသည်။

ကျောက်တော်မြို့နယ်၊ လျှပ်စစ်အင်ဂျင်နီယာရုံးမှ တာဝန်ရှိသူတစ်ဦးက "မီးမရရှိသေးတဲ့ ရွာတွေကို စက်တင်ဘာလအတွင်း မီးရရှိနိုင်အောင် ဆောင်ရွက်နေတာရှိတယ်။ ပျက်စီးမှုတွေက များတယ်။ နယ်ဘက်ကရွာတွေကျတော့ ရွာတိုင်း မီးရတာမဟုတ်ဘူး။ အဲ့ဒီတော့ ပြတ်တောက်သွားတဲ့ လျှပ်စစ်မီးကြိုးတွေကို တပ်ဆင်ရတဲ့အခါ ကြန့်ကြာမှုတွေရှိနေတာ"ဟု ပြောသည်။

ရခိုင်တွင် ပြီးခဲ့သည့် မေလ ၁၄ ရက်နေ့က တိုက်ခတ်ခဲ့သည့် ဆိုင်ကလုန်းမိုခါမုန်တိုင်းအပြီး ပုံမှန်လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးနိုင်ရန်အတွက် ပြည်မဘက်မှ ကျွမ်းကျင်လျှပ်စစ်ဝန်ထမ်း ၅၀၀ ကျော်နှင့် ရခိုင်မှဝန်ထမ်း ၁၀၀၀ ကျော်တို့က ပြုပြင်ဆောင်ရွက်ခဲ့ရသည်။

ယင်းသို့ ဆောင်ရွက်ခဲ့ပြီးနောက် နှစ်လခန့်အကြာတွင် စစ်တွေအပါအဝင် မုန်တိုင်းသင့်မြို့ ၁ဝ မြို့စလုံး၏ မြို့ပေါ်ရပ်ကွက်များနှင့် မြို့အနီးရှိ ကျေးရွာအချို့ကို လျှပ်စစ်မီးဖြန့်ဖြူးပေးနိုင်ခဲ့သည်။ 

ဆက်စပ် သတင်းများ