- Web Master
- ၁၈ စက်တင်ဘာ ၂၀၂၄
(ကျောက်ဖြူတွင် လူတစ်ဦးမြို့ပြင်ထွက်သွားလာခ ကျပ်တစ်သိန်းထိ မြင့်တက်)
အေးမြတ်ခိုင်၊ နိရဥ္စရာ၊ ဧပြီ ၁၊ ၂၀၂၄
ရခိုင်ပြည်၊ ကျောက်ဖြူမြို့တွင် ကျောင်းသားတစ်ဦးနှင့် အမျိုးသမီး လေးဦးအပါအဝင်ဒေသခံ ၅ ဦးကို စစ်ကောင်စီမှ မတ်လ ၃၀ ရက် နေ့၌ ဖမ်းဆီးထားကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ ဒေါ်ဝေဝေ၊ ဒေါ်သိန်းအောင်စိန်၊ ဦးညီပု၊ ဇနီးဒေါ်အောင်ဖြူ နှင့် သား(ကျောင်းသား၊ အမည်မသိ)တို့ ဖြစ်ကြသည်။
၄င်းတို့သည် မတ်လ ၃၀ ရက်နေ့ ည ၁၁ ခွဲအချိန်တွင် ကညင်တော စာသင်ကျောင်းအနီး တွင် ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း အမည်မဖော်လိုသူတစ်ဦးက ပြောသည်။
"အဖမ်းခံရတာက ဒီလို။ သူတို့ စျေးသက်သာတဲ့ လမ်းကြောင်းနဲ့ မြို့ကနေ အပြင်ကို ထွက်ကြတယ်တဲ့။ သူ့လမ်းကြောင်းနဲ့ သူ စစ်သားတွေကို ပိုက်ဆံပေးပြီးထွက်ရတာ။ လူတွေလည်း ခက်ခဲနေကြပြီလေ။ အဲ့ဒီတော့ သက်သာတဲ့လမ်းကြောင်းနဲ့ ထွက်တော့ အဖမ်းခံရတာ။ သူတို့ကို ငွေပေးထားတဲ့ လမ်းကြောင်းဆိုရင်တောင် ခိုးထွက်ရတာမျိုး၊ ငွေမပေးထားရင် ဖမ်းတာပဲ။ အခု သူတို့ကို အချုပ်ကို ပို့ထားတယ်လို့ သိရတယ်"ဟု ပြောသည်။
ကျောက်ဖြူမြို့မှဒေသခံများသည် သွားလာခွင့်ရရှိရန် လူတစ်ဦးကို ၆ သောင်းမှ ၁ သိန်းအထိ စစ်ကောင်စီတပ်သားများကို ပေးရသည့်အတွက် အခက်အခဲဖြစ်နေကြရကြောင်း ကျောက်ဖြူမြို့ခံ တစ်ဦးက ပြောသည်။
"ကျောက်ဖြူမြို့ပတ်ပတ်လည်မှာ ကတုတ်ကျင်းတွေနဲ့ စစ်သားတွေရှိတယ်။ အရင်က နည်းနည်း သက်သာတယ်။ အခုကတော့ လမ်းကြောင်းအပေါ်မူတည်ပြီး စျေးတွေတက်ကုန်ပြီ။ ကျောက်တလုံး ဂိတ်က ပိုဆိုးတယ်။ နယ်ဘက်ကို သွားမယ်ဆိုရင် ၇ သောင်းကနေ ၉ သောင်းအထိ စျေးတက်တယ်။ အခုတော့ တစ်သိန်းအထိ ဖြစ်သွားပြီ။ ဒီလိုပဲ သွားလာနေရတာ ၃ လကျော်ပြီ။ စျေးသည်မ တွေဆိုရင်လည်း ခရမ်းသီး နည်းနည်းရောင်းဖို့အတွက် ပေးရတာကအများကြီးဆိုတော့ သက်သာတာ၊ မပေးရတာကို ရှာပြီးလာကြတယ်။ မပေးလိုက်ရပဲ လွတ်သွားတာမျိုးဆိုရင် စျေးကိုရောက်နေပြီးမှ လာဖမ်းပြီး စျေးသည်မတွေကို ငွေညှစ်တာတွေရှိတယ်။ စစ်သားတွေ ၊ ရဲတွေ တစ်ရက်တစ်ရက်ကို ကျောက်ဖြူကနေ သူတို့ မိသားစုတွေကို ငွေလွှဲတာ တစ်နေ့ တစ်နေ့ကို ကျပ် သိန်း ၄၀ လွှဲ၊ ၅၀ လွှဲ တာတွေ မြင်နေရပါတယ်" ဟု အဆိုပါ မြို့ခံက ပြောသည်။
ကျောက်ဖြူမြို့တွင်
စစ်ကောင်စီက စစ်ရေးပြင်ဆင်မှုများ ပြင်းပြင်းထန်ထန်လုပ်ဆောင်လာသည့်
စစ်ကောင်စီတပ်သည် ရခိုင်တွင် တိုက်ပွဲများ စတင်ဖြစ်ပွါးသည့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလကတည်းက ကုန်းလမ်း၊ ရေလမ်း အားလုံးကို ဖြတ်တောက်ထားခဲ့သည်။
ယင်းသို့ သွားလာခွင့်ပိတ်ပင်ထားကာ လာဘ်ပေးလာဘ်ယူစနစ်ဖြင့် သွားလာခွင့် တချို့ ပေးထားသော်လည်း အလျဥ်းသင့်သလို ဒေသခံများအား ဖမ်းဆီးမှုများ လုပ်ဆောင်နေခြင်း ဖြစ်သည်။