စနေ၊ ဇွန်လ ၂၉ရက်၊ ၂၀၂၄

မြေပုံ တုတ်ချောင်းရွာကို စစ်ကောင်စီမှ‌ လေယာဉ်ဖြင့် ဗုံးကြဲ၍ ၁၀ နှစ်အရွယ်ကလေးတစ်ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၅ ဦးဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၉ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 799

သဉ္ဇာနွယ်၊ နိရဉ္စရာ၊  ဇွန်  ၁၉/ ၂၀၂၄


ရခိုင်ပြည်၊မြေပုံမြို့နယ်၊ တုတ်ချောင်းကျေးရွာကို  တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီမှ ဗုံးလာကြဲသဖြင့်  အသက် ၁၀ နှစ် အရွယ် ကလေးတစ်ဦး အပါအဝင် ၂ ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

သေဆုံးသွားသူ ၂ ဦးမှာ မောင်အောင်နိုင်ဦး အသက် (၁၁)နှစ်နှင့် ‌ကိုဦးကြည်ရွှေ အသက်(၂၇)နှစ်တို့ ဖြစ်သည်။

ဒဏ်ရာရသူများမှာ မခင်စိုးချေ(၂၈)နှစ်၊မသီတာ (၂၃)နှစ်၊မခိုင်ခိုင်ဦး (၁၆)နှစ်၊ ဒေါ်မစိန် (၄၈)နှစ်နှင့် ဦးမောင်နိုင်ဦး (၄၈)နှစ်တို့ဖြစ်ကြသည်။

ယနေ့ ဇွန်လ ၁၉ ရက်  နံနက် ၁၁နာရီခန့်က ဂျက်ဖိုက်တာဖြင့် နှစ် ကြိမ်လာရောက်ပစ်ခတ်ခဲ့သဖြင့် ရွာအဝင်တံတားတွင် ကျရောက်ပေါက်ကွဲခဲ့ကာ လူများ သေဆုံး ထိခိုက်ဒဏ်ရာ ရရှိခဲ့ခြင်းဖြစ်ကြောင်း မြေပုံဒေသခံအမျိုးသားတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

" ထမင်းစားပြီးတော့ ရွာသူရွာသားတွေက အုတ်တံတားတွေ အပင်အောက်တွေ အရိပ်ရတဲ့ နေရာတွေမှာ နေနေကြတဲ့ အချိန်ကွက်တိ လာကြဲသွားတာပါ။ အဲ့ဒီမှာရှိနေတဲ့အထဲက ‌ ယောက်ျား ကလေး တစ်ယောက်နဲ့ လူကြီး အမျိုးသားတစ်ယောက် ပွဲချင်းပြီးသေသွားတယ်။ နောက်ထပ်လူတွေက ကျည်စတွေစဉ်သွားလို့ ဒဏ်ရာ ၅ ယောက်ရသွားတယ်။ "

စစ်ကောင်စီသည် ရခိုင်ကို လေကြောင်းအသုံးပြုကာ ပိုမိုတိုက်ခိုက်လာသဖြင့်  ဒေသခံပြည်သူများ အနေဖြင့် ​ သတိဝီရိယနှင့် နေထိုင်သင့်သည်ဟု မြေပုံမြို့နယ်မှ အမျိုးသမီးတစ်ဦးက နိရဉ္စရာ ကိုပြောသည်။

"  လေယာဉ်လာရင် အချက်ပေးစနစ်တွေတပ်ဆင်နိုင်ရင် ပိုကောင်းပါတယ်။ ပြည်သူတွေအနေနဲ့လည်း လူစုလူဝေးမနေကြဖို့နဲ့  သတိနဲ့နေသင့်ပါတယ်။ စစ်ကောင်စီက နေ့တိုင်းလိုလို လူနေ ကျေးရွာတွေ၊ မြို့ပေါ်နေရာတွေကို ဗုံးကြဲ လေကြောင်းတိုက်ခိုက်တာ ပိုပြီး လုပ်လာတာ ရှိနေတော့ ပိုသတိထားရမယ်" ဟု သူမက ပြောသည်။

ဆက်စပ် သတင်းများ