သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီက စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံ စသည့် အများပြည်သူနေရာများကို ဆက်တိုက်ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်နေသဖြင့် တိုက်ပွဲများ မရပ်ခင် စာသင်ကျောင်းများ ပြန်ဖွင့်ရန်မှာ အလွန်စိုးရိမ်စရာကောင်းနေဟု အာရက္ခတပ်တော် ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခ ပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၁ မေ ၂၀၂၄
  • | ကြည့်ရှုသူ: 5.3k

အိမ်စိုးဖြူ

နိရဉ္စရာ၊ မေ ၃၁/ ၂ဝ၂၄

ရခိုင်တွင် စစ်ကောင်စီက လေကြောင်းမှနေ၍ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဆေးရုံ စသည့် အများပြည်သူနေရာများကို အချိန်နေရာ မရွေး ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် တိုက်ပွဲများ မရပ်ခင်စာသင်ကျောင်းများ ပြန်ဖွင့်ရန်မှာ အလွန်စိုးရိမ်စရာကောင်းနေသေးဟု အာရက္ခတပ်တော်ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက နေရဉ္စရာ သတင်းဌာနသို့ ပြောကြားသည်။ 

“ အခုကလေးတွေပညာရေးနဲ့ ပတ်သက်ပြီးအကောင်းဆုံး စဉ်းစားချင့်ချိန်ပြီးတော့ ပြင်ဆင်နေကြတာရှိပါတယ်။ သို့သော်လည်း ကျောင်းတွေပြန်ဖွင့်ဖို့ ဆိုတဲ့ကိစ္စက ကျွန်တော်တို့က လက်ရှိမြန်မာအကြမ်းဖက် စစ်ကောင်စီဘက်ကနေပြီးတော့ ရွာတွေမှာ အထူးသဖြင့် စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ၊ ဆေးရုံတွေစတဲ့ ပြည်သူလူထုအတွက်အကျိုးပြုတဲ့ အဓိကနေရာတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေဆက်တိုက်လုပ်နေတယ်။ အထူးသဖြင့် ပြည်သူတွေကို ဦးတည်ပြီးတိုက်ခိုက်နေတဲ့အချိန်မှာ ကျောင်းတွေကိုဖွင့်ရမှာကအင်မတန်စိုးရိမ်စရာကောင်းပါတယ်” ဟု ဦးခိုင်သုခက နေရဉ္စရာသို့ ပြောသည်။

ကျောင်းဖွင့်ထားသည့်အချိန်တွင် စာသင်ကျောင်းများအား အကြမ်းဖက်စစ်ကောင်စီဘက်မှ ဗုံးကြဲတိုက်ခိုက်မှုများပြုလုပ်လာပါက စာသင်ကျောင်းများကို ထိမှန်သည့် အခြေအနေများရှိလာမည်ဖြစ်ပြီး ကြေကွဲစရာဖြစ်ရပ်များ ဖြစ်လာမည်ကို စိုးရိမ်ကြောင်း ဦးခိုင်သုခက ဆက်ပြောသည်။

“ အခုတိုက်ပွဲတွေမရပ်နိုင်သေးတဲ့ ကာလမှာတော့ စာသင်ကျောင်းတွေကို ပြန်ပြီးတော့ဖွင့်ဖို့တော့ သိပ်အခက်အခဲ ရှိပါတယ်။ ပညာရေးဝန်ထမ်းတွေ အသင့်တင့်ရှိတယ်။ သင်ရိုးညွှန်းတမ်းတွေနဲ့ ဘာလုပ်မယ်ဆိုတာ အများကြီး ပြင်ဆင်ထားတာ ရှိပါတယ်"  ဟုပြောသည်။

စစ်ကောင်စီသည် အာရက္ခတပ်တော်(AA) ထိမ်းချုပ်မှုအောက်မှ မြို့နယ်များကို လေကြောင်းမှတဆင့်ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေပြီး လူနေအိမ်များအပါအဝင် ဆေးရုံ၊ စာသင်ကျောင်းများအပြင် ဘာသာရေးအဆောက်အအုံများ၊ စစ်ဘေးရှောင်များခိုလှုံနေသည့် ဘုန်းတော်ကြီးကျောင်းများကိုရည်ရွယ်ချက်ရှိရှိ ပစ်ခတ်မှုများပြုလုပ်နေကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

ထို့အပြင် ရခိုင်တွင် လွန်ခဲ့သည့် ၂ဝ၂၃ ခုနှစ် နိုဝင်ဘာလအတွင်းမှစ၍ တစ်ကျော့ပြန်တိုက်ပွဲ ပြင်းထန်လာပြီးနောက် စစ်ကောင်စီသည် ဖုန်းနှင့် အင်တာလိုင်းများအား ဖြတ်တောက်ခဲ့သဖြင့် ဆက်သွယ်မှုဧရိယာ ပြင်ပရောက်ရှိနေသည့် နေရာမှ စာသင်သားများမှာ ကျောင်းပြင်ပ ပညာလေ့လာခွင့်များ ဆုံးရှုံးနေကြရကြောင်းကျောင်းသားမိဘများက ပြောကြသည်။

စစ်ကောင်စီ​၏ ရခိုင်ပြည်နယ်ပညာရေးဌာန စာရင်းအရ နှစ်စဉ် ၃ သိန်းကျော်မှ ၅ သိန်းကျော်အထိ ကျောင်းအပ်လက်ခံခဲ့သည့် ရခိုင်တွင် ယခုနှစ် ၂ဝ၂၄-၂ဝ၂၅ ပညာသင်နှစ်အတွက် မေလ ၂၆ ရက်နေ့ စာရင်းအရကျောင်းသား၊ ကျောင်းသူ (၃၈,ဝဝဝ) ခန့်သာ ကျောင်းအပ်ခဲ့ကြောင်း သိရပြီး ကျန်သည့် သိန်းနှင့်ချီသည့်ကျောင်းသားများမှာ ပညာသင်ကြားခွင့် မရရှိကြသည်ကို တွေ့ရသည်။

ရခိုင်တွင် ယခုနှစ်၌ စစ်တွေ၊ ကျောက်ဖြူ၊ တောင်ကုတ်၊ မာန်အောင်၊ဂွ၊ သံတွဲနှင့် အမ်း မြို့နယ် (၇) မြို့နယ်တွင်သာ ကျောင်းအချို့ဖွင့်လှစ်နိုင်ပြီး ကျန်သည့် ပုဏ္ဏားကျွန်း၊ ပေါက်တော၊ ရသေ့တောင်၊ ကျောက်တော်၊မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တောနှင့် ရမ်းဗြဲမြို့တို့တွင် စာသင်ကျောင်း ထောင်နှင့်ချီ၍ ပိတ်ထားရဆဲ ဖြစ်ကြောင်းသိရသည်။

ပုံ - (ဖေဖော်ဝါရီ(၆) ရက်နေ့က မင်းပြားမြို့နယ် အမ်းသားရွာစာသင်ကျောင်းအား စစ်ကောင်စီဗုံးကြဲချခဲ့သည့်ပုံဖြစ်သည်။)

ဆက်စပ် သတင်းများ