သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်ကြောင့် စစ်တွေမြို့စွန်ဒေသခံများ စိုးရိမ်ထိတ်လန့်မှု မြင့်တက်နေပြီး စစ်တွေမြို့ထဲသို့ လာရောက်ခိုလှုံသူ များပြားလာ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ ဇွန် ၂၀၂၄
  • | ကြည့်ရှုသူ: 3k

သဥ္ဇာနွယ်

နိရဥ္စရာ၊ ဇွန် ၁ / ၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့တွင် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်ကြောင့် မြို့စွန်ဒေသခံများ စိုးရိမ်ထိတ်လန့်မှု မြင့်တက်နေပြီး မြို့ထဲသို့ ခိုလှုံလာကြသူ များလာသည်ဟု သတင်းရရှိသည်။

စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက် ( ဗျိုင်းဖြူ) ရွာတွင် စစ်ကောင်စီက ကျေးရွာသူ/ကျေးရွာသားတစ်ချို့ကို  မတရားဖမ်းဆီးသတ်ဖြတ်မှုများကြောင့်  ဗျိုင်းဖြူရွာနှင့် အနီးစပ်ဆုံးရပ်ကွက်များမှ ပြည်သူများမှာ မြို့ထဲသို့ထွက်ပြေးခိုလှုံလာသည်ဟု ကယ်ဆယ်ရေးရပ်ကွက်မှ ဒေသခံအမျိုးသမီးတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ကယ်ဆယ်ရေးရပ်ကွက်က ဗျိုင်းဖြူရွာနဲ့ နီးတယ်။ပြီးရင် ရွှေပြည်သာကျေးရွာကလူတွေ အကုန် မြို့ထဲမှာခိုလှုံလာကြတယ်။ ပြောရမယ်ဆိုရင် အရမ်းကြောက်စိတ်ဝင်သွားပြီ။ ကြောက်စိတ်ဝင်ပြီး နေမကောင်းဖြစ်တဲ့သူတောင်ရှိတယ်။ သူတို့က မြို့ပြင်က ရွာတွေ ရပ်ကွက်တွေကို ရှင်းထုတ်နေတဲ့သဘောပါ။ရွာတွေမှာ အေအေရှိတယ်ဆိုတဲ့ သံသယတွေက ပြည်သူတွေအပေါ် ဖိအားပေး နှိပ်စက်လာတယ်၊ ဒါကြောင့် မနေရဲတော့လို့မြို့ထဲကိုပဲ ဝင်လာကြရတာပါ” ဟုပြောသည်။

စစ်တွေမြို့ခံများမှာလည်း အလွန်တရာ စိုးရိမ်မှု ရှိနေပြီး အိမ်တံခါးလာခေါက်မည့် အဖြစ်ကိုပင်ကြောက်လန့်နေရသည်ဟု စစ်တွေမြို့ခံ အမျိုးသားတစ်ဦးက နိရဥ္စရာ သတင်းဌာန ကိုပြောသည်။

“ ညဖက်မပြောနဲ့ နေ့ဖက်တောင် အိမ်တံခါးလာခေါက်မှာကို ကြောက်နေရတာ။ သူတို့က လိုရာဥပဒေဆွဲထည့်ပြီး လူတွေကို ဖမ်းဆီးနေတာ။ တခုမဟုတ်ရင်တစ်ခု ခေါင်းစဥ်တပ်ပြီးဖမ်းတာ။ အခုဗျိုင်းဖြူရွာကကိစ္စကလည်း တော်တော်လူမဆန်တဲ့လုပ်ရပ်ပါ။ စစ်တွေမြို့ကနေ ရန်ကုန်ကိုပြေးဖို့ လေကြောင်းတစ်ခုပဲရှိတော့တယ်။ ကျန်တဲ့မြို့ဝင်၊ မြို့ထွက် ဝင်ပေါက်ထွက်ပေါက်ပိတ်ထားတာ။ စစ်တွေမှာကျန်ခဲ့တဲ့လူအများစုက တကယ်ပြေးဖို့ မတတ်နိုင်တဲ့လူအများစုပါ။ ရန်ကုန်ကိုပြေးရင်ရော ဆွေမျိုးမရှိ ပိုက်ဆံမရှိရင် ဘယ်လိုနေရမလဲ “ ဟုပြောသည်။

ယင်းအပြင် စစ်တွေမြို့တွင် နေထိုင်ကြသည့် သူများအထဲမှ စစ်တွေနယ်ခံ ၁၁/ စတန(နိုင်)မှတ်ပုံတင် မကိုင်ဆောင်ထားသည့် သူများကို လည်း စစ်ကောင်စီမှ လိုက်လံဖမ်းဆီးလျက်ရှိပြီး စစ်တွေမြို့မရဲစခန်းအထဲတွင်လည်း ဖမ်းဆီးထားသူများ ပြည့်လျက်ရှိနေပြီ ဟု စစ်တွေမြို့ခံတစ်ဦးက နိရဥ္စရာကိုပြောသည်။

“ စစ်တွေက တော်တော်ဆိုးတဲ့အခြေအနေပါ။ ဧည့်စာရင်းစစ်တယ်။ ပြီးရင်  စစ်တွေနယ်ခံမဟုတ်ရင်ဖမ်းတယ်။ အခုဆို ရဲစခန်းမှာ လူတွေပြည့်နေပြီ။ သူတို့က စစ်တွေတစ်မြို့လုံးကလူတွေကို ထောင်ထဲထည့်မယ့်ပုံစံမျိုးပဲ။ လုံးဝမလုံခြုံတော့ဘူး” ဟုပြောသည်။

မေလ ၃၀ ရက်နေ့က ဗျိုင်းဖြူရွာတွင် အမျိုးသမီးများအပါအဝင် လူပေါင်း (၄၀) ကျော် ရက်ရက်စက်စက်အသတ်ခံရကြောင်း ကိုယ်တိုင်ကြုံခဲ့ရသူတစ်ဦးက နာမည်နှင့် တကွ ထုတ်ဖော်ပြောဆိုခဲ့သည်။ 

ပုံ - မေလ ၃၁ ရက်၊ အမျိုးသမီး၊ ကလေးငယ်များနှင့် သက်ကြီးရွယ်အိုတချို့ကို စစ်ကောင်စီကားများဖြင့် စစ်တွေမြို့ ဝင်္ကဘာကွင်းသို့ လာရောက်ပို့ဆောင်ခဲ့သည်။

ဆက်စပ် သတင်းများ