သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မောင်တောတွင် စစ်ကောင်စီပစ်ခတ်သည့် လက်နက်ကြီးကျည်ကျ၍ ဆယ်ကျော်သက်အရွယ် မိန်းကလေး ၁ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၉ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

သဉ္ဇာနွယ်
နိရဉ္စရာ၊ ဇူလိုင် ၂၉/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် စစ်ကောင်စီ၏တပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲ၍ ဆယ်ကျော်သက် မိန်းကလေး ၁ ဦးအပါအဝင် ၅ ဦးဒဏ်ရာရရှိသွားကြောင်း သတင်းရရှိသည်။

ဒဏ်ရာရရှိသူများမှာ မောင်‌တောမြို့နယ်၊ ကံသာယာကျေးရွာမှ မဝါဆိုမိုး (၁၃)နှစ်၊ ဒေါ်မသန်းစိန်အသက်(၄၂)နှစ်၊‌ ဒေါ်ညိုမ (၇၃)နှစ်၊ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးဘထွန်းအောင် (၄၇)နှင့် ဦးကျော်ဘန်းအောင် (၆၆)နှစ်တို့ဖြစ်သည်။

ယမန်နေ့ ဇူလိုင်လ ၂၈ ရက်၊ နေ့လယ် ၂ နာရီကျော်ခန့်က စစ်ကောင်စီ၏
  မြို့သူကြီး နခခ (၅)တပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်များသည် ကျေးရွာအတွင်းကျရောက်ပေါက်ကွဲ၍ ကျည်စထိမှန်ကာ ယခုကဲ့သို့ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်ဟု မောင်တောဒေသခံတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

"မောင်တောမှာက မြို့အနီးနားတိုက်ပွဲတွေအရှိန်အဟုန်ကောင်းလာတော့ စစ်ကောင်စီဘက်ကလည်း နီးစပ်ရာတွေအကုန်လုံးကို တပ်ရင်းတွေကနေလှမ်းပစ်တယ်။ မနေ့ကဆိုရင် ကံသာယာကျေးရွာမှာ ကျည်တွေကျလို့ လူ ၅ ယောက်ဒဏ်ရာရတယ်။ ဦးကျော်ဘန်းအောင်နဲ့ ဦးဘထွန်းအောင်တို့က သတိမေ့ပြီး ဒဏ်ရာပြင်းထန်နေတယ်" ဟုပြောသည်။

လက်ရှိတွင် မောင်တောမြို့နှင့်အနီးတစ်ဝိုက်တွင် တိုက်ပွဲများပြင်းထန်လျက်ရှိပြီး
 ဒဏ်ရာရသူများကိုလည်း နီးစပ်ရာတွင် အရေးပေါ်ဆေးကုသမှုပေးနေရ‌  ကြောင်း  မောင်တောဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

"နှစ်ယောက်ကတော့ ဒဏ်ရာအတော်ပြင်းလို့ နီးစပ်ရာမှာ ဆေးကုသမှုပေးနေရတယ်။ ခန္ဓာကိုယ်အနှံ့အပြားမှာ ဒဏ်ရရသွားတာ" ဟုပြောသည်။

ကံသာယာကျေးရွာသည် ရခိုင်ရွာဖြစ်ပြီး အိမ်ခြေ (၆၀)ကျော်ခန့်ရှိကြောင်း သိရသည်။

ရခိုင်တွင် စစ်ရေးအရရှုံးနိမ့်နေသောစစ်ကောင်စီသည် တိုက်ပွဲနှင့်မသက်ဆိုင်သည့်
  အရပ်သားပြည်သူများကို စစ်ရာဇဝတ်မှုများ ကျူးလွန်လျက်ရှိကြောင်း သိရသည်။

 

ဆက်စပ် သတင်းများ