သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

မောင်တောတွင် လက်နက်ကြီးကျည်စထိမှန်၍ဟိန္ဒူဘာသာဝင်အမျိုးသမီးငယ် ၁ ဦး သေဆုံး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.9k

သဉ္ဇာနွယ်

နိရဉ္စရာ၊ ဇူလိုင် ၃၀/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်တွင် အသက် ၁၀ နှစ်ကျော်အရွယ် ဟိန္ဒူဘာသာဝင် အမျိုးသမီးငယ် ၁ ဦးသည် လက်နက်ကြီးကျည်စထိမှန်၍ သေဆုံးသွားကြောင်း သိရသည်။

သေဆုံးသွားသူမှာ မောင်တောမြို့နယ်၊ မြို့သစ်မြို့ အရှေ့ရပ်ကွက် ဟိန္ဒူရွာမှ မနောန်ဒီ (၁၂) နှစ်ဖြစ်သည်။

 သူမသည် ပြီးခဲ့သည့် ဇူလိုင်လ ၂၇ ရက်၊ နံနက် ၉ နာရီခန့်က မောင်တော ကညင်တန်းဈေးသို့ ဆန်သွားဝယ်သည့် မိခင်ဖြစ်သူ၏ နောက်သို့ လိုက်သွားစဉ် ကညင်တန်းဟိန္ဒူကယ်ဆယ်ရေးလမ်းသို့အရောက်  မြို့သူကြီး အမှတ် (၅) နယ်ခြားစောင့်တပ်ဖွဲ့ခွဲ နခခ(၅)က ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်စထိမှန်၍ ညာဘက်ခြေထောက် ဒူးခေါင်းအောက်မှ ပြတ်ထွက်သွားပြီး သွေးထွက်လွန်ကာ နောက်တစ်နေ့ ဇူလိုင် ၂၈ ရက်တွင် သေဆုံးခဲ့ရသည်ဟု မောင်တောမြို့ခံ ဟိန္ဒူဘာသာဝင်အမျိုးသားတစ်ဦးက နိရဉ္စရာသတင်းဌာနကိုပြောသည်။

 "ကလေးမက ဆန်သွားဝယ်တဲ့ အမေနောက်ကို လိုက်သွားတဲ့အချိန်မှာ တိုက်ပွဲလည်းမရှိဘဲနဲ့ နခခ ၅ ကလက်နက်ကြီးပစ်လိုက်လို့ ကျည်ထိမှန်ပြီး ခြေထောက်တစ်ဖက်ပြတ်သွားခဲ့တယ်။ သူ့အမေက သူနဲ့ အလှမ်းဝေးတဲ့နေရာမှာဖြစ်လို့ ဘာမှမဖြစ်သွားဘူး။ သွေးထွက်လွန်လို့ ဆေးကုသဖို့လည်းမရလိုက်တော့ နောက်တစ်နေ့မနက် အရုဏ်တက်အချိန်မှာ သေဆုံးသွားခဲ့ရတယ်" ဟုပြောသည်။

မောင်တောမြို့အနီးတစ်ဝိုက်တွင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARA နှင့် စစ်ကောင်စီတို့ ဝိုင်းဝန်းပိတ်ဆို့ထားသည့်အတွက် သေဆုံးသူ၏ ရုပ်အလောင်းကို မိမိကျေးရွာ၏ နေရာလွတ်ရှိသည့်နေရာတွင် မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ရသည်ဟု ကျေးရွာသားတစ်ဦးက ပြောသည်။

 "အဲဒီမှာသေတဲ့ ဟိန္ဒူဘာသာဝင်တွေက သင်္ချိုင်းကိုလည်း သွားလို့မရဘူး။ လမ်းတွေအနားမှာ ARA တွေ၊ စစ်ကောင်စီတွေရှိတယ်။ ရွာရဲ့ နေရာလွတ်မှာပဲ မြေမြှုပ်သင်္ဂြိုလ်ပေးခဲ့ရတယ်" ဟု ပြောသည်။

 ပြီးခဲ့သည့် ဇူလိုင် ၂၈ ရက်ကလည်း မောင်တောမြို့နှင့် ၂ မိုင်ကျော်အကွာရှိ နခခ (၅) တပ်ရင်းက ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည် ကျရောက်ထိမှန်၍ ကံသာယာကျေးရွာ(ရခိုင်)ရွာမှ  ဆယ်ကျော်သက် မိန်းကလေး ၁ ဦးအပါအဝင် ၅ ဦးဒဏ်ရာရရှိသွားခဲ့သည်။

 ထိုတပ်ရင်းတွင် ယနေ့ ဇူလိုင်လ ၃၀ ရက်၊ နံနက်အစော ၇ နာရီခန့်မှစတင်ကာ လက်နက်ကြီး၊ လက်နက်ငယ်များ အပြန်အလှန် ပစ်ခတ်သံများကို ကြားနေရသဖြင့် ဒေသခံများ စိုးရိမ်နေကြရကြောင်းလည်း သိရသည်။

 မောင်တောတွင်ပိတ်မိနေသည့် ရခိုင်၊ ဟိန္ဒူနှင့် မွတ်ဆလင်အများစုမှာလည်း စားဝတ်နေရေး ကျပ်တည်းနေကြပြီး ကျန်းမာရေးစောင့်ရှောက်မှုလည်း လိုအပ်လျက်ရှိကြောင်း သိရသည်။

ဆက်စပ် သတင်းများ