သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဂွမြို့နယ်သို့ ဧရာဝတီဘက်မှ ဆန် ၁၀ ပြည်ထက် ပိုမသယ်ရဟု စစ်ကောင်စီကန့်သတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၃၀ ဇူလိုင် ၂၀၂၄
  • | ကြည့်ရှုသူ: 1.7k

စောရှင်မေ

နိရဉ္စရာ၊ဇူလိုင် ၃၀/၂၀၂၄

 ရခိုင်ပြည်၊ ဂွမြို့နယ်သို့ ဧရာဝတီတိုင်းဘက်မှ ဆန် ၁၀ ပြည်နှင့်ထက် အပိုမသယ်ရဟု စစ်ကောင်စီက ကန့်သတ်ပိတ်ပင်လိုက်ကြောင်း ဒေသခံများက ပြောသည်။

ဇူလိုင်လ ၂၅ ရက်မှစတင်ကန့်သတ်လိုက်ခြင်းဖြစ်ပြီး ပိုသယ်ယူပါက ဧရာဝတီမှ ဂွမြို့နယ်သို့လာရာလမ်းရှိ စစ်ကောင်စီဂိတ်များတွင် အသိမ်းခံရသလို ဒဏ်ငွေများပါ ပေးဆောင်နေရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

 "စစ်ကောင်စီတွေက လူတစ်ယောက်ကို ဆန် ၁၀ ပြည်ထက်ပိုမသယ်ရဘူး။ ကိုယ်စားဖို့လောက်ပဲ ဆိုင်ကယ်နဲ့ ၅ ပြည် ၂ အိတ်သယ်လာတယ်။ အပိုသယ်ရင် သူတို့သိမ်းမှာပေါ့။ ကန့်သတ်ထားတာကိုး"ဟု ပြောသည်။

ဧရာဝတီတိုင်းမှ ရခိုင်ပြည်၊ ဂွမြို့နယ်သို့ လာရာလမ်းတွင် စစ်ကောင်စီစစ်ဆေးရေးဂိတ်များဖြစ်ကြသည့် ရေနံ့သာဂိတ်၊ ကုန်းပြင်ဂိတ်၊ အမြှောက်တပ်၊ မိုင် ၂၀ တပ်၊ ဗေဒါဂိတ်၊ ဗောဓိဂိတ်၊ ဒေါင့်ချောင်း၊ ဂွအဝင်တောင်ပေါ်လေးတွင်ရှိသည့်ဂိတ် စသည့်ဂိတ်များကိုဖြတ်ရပြီး ဆန် ၁၀ ပြည်နှင့်အထက်သယ်လာပါက ထိုဂိတ်များက ဖမ်းဆီးကြောင်း သိရသည်။

 အလားတူ ဂွမြို့နယ်အတွင်းမှလည်း အခြားမြို့နယ်များသို့ ၁၀ ပြည်နှင့်အထက် ဆန်မသယ်ရဟု စစ်ကောင်စီကတားမြစ်ထားကြောင်း ဒေသခံများက ပြောသည်။

 အာရက္ခတပ်တော်(AA)သည် ဂွမြို့နယ်အတွင်း ထိုးဖောက်ဝင်ရောက်လာမည်ကိုစိုးရိမ်၍ စစ်ကောင်စီက စစ်ဆေးရေးဂိတ်များတိုးချဲ့ချကာ ယခုကဲ့သို့ စားနပ်ရိက္ခာများသယ်ဆောင်ခြင်းကို ကန့်သတ်ချုပ်ချယ်နေခြင်းဖြစ်သည်ဟုလည်း ဒေသခံများက သုံးသပ်နေကြသည်။

 ယင်းသို့ကန့်သတ်ပိတ်ပင်ထား၍ လက်ရှိ ဂွမြို့နယ်အတွင်း ဆန်စျေးနှုန်းများလည်း မြင့်တက်လျက်ရှိသည်ဟု သိရသည်။

 ပြီးခဲ့သည့် ဇွန်ကဆိုလျှင် အခြေခံလူတန်းစားများစားသုံးကြသည့် ကောက်ငယ်ဆန် ၁ ပြည်ကို ၆၅၀၀ ကျပ်သာရှိခဲ့ရာမှ ယနေ့ ဇူလိုင်လ ၃၀ ရက်တွင် ကျပ် ၈၅၀၀ မှ ကျပ် ၁၀၀၀၀ ကြား၊ ကောက်ကြီးဆန် ၁ ပြည်ကို ယခင်လက ကျပ် ၁၀၀၀၀ ရှိခဲ့ရာမှ ယနေ့တွင် ကျပ် ၂၀၀၀၀ အထိ ပေးဝယ်နေရကြောင်း သိရသည်။

 ဆန်စျေးနှုန်းမြင့်တက်နေသည့်အတွက် လက်လုပ်လက်စား ဒေသခံအချို့သည် ဆန်ပြုတ်ကျိုသောက်နေရသူများရှိနေသည့်အပြင် အငတ်ဘေးကိုပင် ရင်ဆိုင်နေရသူများလည်း ရှိနေကြောင်း ဂွဒေသခံအမျိုးသမီးတစ်ဦးက နိရဉ္စရာကိုပြောသည်။

 "အခုဆိုရင် ကျွန်မတို့ရွာမှာ ဆန်ပြုတ်သောက်ရတဲ့သူလည်း ရှိတယ်။ ငတ်တဲ့သူတွေတောင်ရှိနေပြီ။ လက်လုပ်လက်စားလည်းများတယ်။ အများအားဖြင့် အလုပ်ကရှားတယ်လေ"ဟု ပြောသည်။

 ဂွမြို့နယ်သည် မြေနေရာဧကနည်းပါးသည့်အတွက် ဒေသတွင်းဆန်စပါးနှင့် ဟင်းသီးဟင်းရွက်များကို အနည်းအကျဥ်းသာစိုက်ပျိုးနိုင်ကြပြီး ဖူလုံမှုမရှိကြ၍ ဧရာဝတီဘက်မှ လာသည့်ဆန်နှင့် ဟင်းသီးဟင်းရွက်ကိုသာ အဓိကမှီခို၍အားကိုးနေကြရသည်ဟု သိရသည်။

လက်ရှိတွင် ဂွမြို့နယ်အတွင်း ယခင်သိုလှောင်ထားသည့်ဆန်များသာရှိတော့ပြီး ဧရာဝတီဘက်မှဆန်အဝင်မရှိတော့၍ မကြာမီဆန်ပြတ်လပ်သွားမည်ကို ဒေသခံများစိုးရိမ်နေကြကြောင်း သိရသည်။

ဆက်စပ် သတင်းများ