သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၈၀ ကျော်သေဆုံးဟု AAPP ထုတ်ပြန်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၁/၂၀၂၄

စစ်ကောင်စီ၏တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံတဝန်း တစ်လအတွင်း အရပ်သားသေဆုံးမှု ၈၀ ကျော်ရှိခဲ့သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်လိုက်သည်။

ဇူလိုင်လ ၁ ရက်မှ ယမန်နေ့ ဇူလိုင်လ ၃၁ ရက်အထိ အရပ်သား ၈၄ ဦး သေဆုံးခဲ့ခြင်းဖြစ်သည်ဟု AAPP က ယမန်နေ့တွင်ထုတ်ပြန်သည်။

ယင်းအထဲတွင် အမျိုးသမီး ၂၄ ဦးနှင့် အမျိုးသား ၆၀ ဦးပါဝင်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်၏လက်နက်ကြီး ပစ်ခတ်မှုကြောင့် သေဆုံးမှု အများဆုံးဖြစ်ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့်လည်း သေဆုံးမှု ဒုတိယအများဆုံးဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

သေဆုံးသူများထဲတွင် မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းသည် သေဆုံးသူ ၁၅ ဦးစီဖြင့် သေဆုံးမှုနှုန်း အများဆုံးဖြစ်ပြီး မကွေးတိုင်းက ၁၂ ဦးဖြင့် ဒုတိယအများဆုံးဖြစ်သည်ဟု ဆိုထားသည်။

အသက် ၁၈ နှစ်အောက် ငါးဦးနှင့် အသက် ၆၀ အထက် သတ်ဖြတ်ခံရသူ ရှစ်ဦးပါဝင်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

"ဖော်ပြပါ ကိန်းဂဏန်းအရေအတွက်များသည် အေအေပီပီမှ လက်လှမ်းမီသမျှ ကောက်ယူရရှိထားသည့် အရေအတွက်ဖြစ်ပြီး မြေပြင်တွင် ဖြစ်ပွားနေသည့် အချက်အလက်များမှာ ယခုထက် ပိုမိုများပြားနိုင်ပါသည်"ဟုလည်း AAPP က ဆိုသည်။

ရခိုင်ပြည်တွင်လည်း အထိနာနေသည့်စစ်ကောင်စီတပ်က အရပ်သားပြည်သူများနေထိုင်သည့် မြို့များနှင့်ကျေးရွာများကို လက်နက်ကြီးများနှင့်လေကြောင်းတို့မှ ပစ်ခတ်တိုက်မှုများကို တောက်လျှောက်ပြုလုပ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။

ယမန်နေ့ ညနေ ၄ နာရီခွဲခန့်ကလည်း စစ်တွေရှိ စစ်ကောင်စီတပ်ရင်းနှင့် စစ်နေဗီတို့က ပုဏ္ဏားကျွန်းမြို့နယ်နှင့် မောင်တောဘက်သို့ အတွဲလိုက်ဒုံးများဖြင့် တပြိုင်တည်း ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။

မိနစ် ၂၀ ခန့်အကြာ ပစ်ခတ်နေခဲ့ခြင်းဖြစ်၍ အလွန်တရာစိုးရိမ်ကြောက်လန့်ခဲ့ရသည်ဟုလည်း ဒေသခံများက ပြောသည်။

ထိခိုက်မှုအသေးစိတ်ကိုမူ စစ်ကောင်စီက ရခိုင်တွင် ဖုန်းလိုင်းများဖြတ်တောက်ထား၍ နိရဥ္စရာအနေဖြင့် သီးခြား အတည်မပြုနိုင်သေးပေ။

AAPP စာရင်းတွေအရ စစ်တပ်အာဏာသိမ်းပြီးချိန်မှ ယမန်နေ့အထိ သုံးနှစ်ကျော်အတွင်း စစ်ကောင်စီကြောင့် အရပ်သား ၅,၄၆၇ ဦးသေဆုံးခဲ့ရပြီး ဖမ်းဆီးခံရသူ ၂၇,၁၂၅ ကျော်ရှိသည်ဟု သိရသည်။

ထိုအထဲမှ (၂၀၈၀၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရသူများအနက်မှ (၉၃၇၄) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်ဟု AAPP က ဆိုသည်။

ဓာတ်ပုံ - မောင်တောမြို့နယ်၊ ခရေမြိုင်ကျေးရွာကို စစ်ကောင်စီက ၂၀၂၄ ခုနှစ်၊ မေ ၁၄ ရက်၊ နံနက် ၁၁ နာရီခွဲတွင် လေကြောင်းမှဗုံးကြဲအပြီး တွေ့ရစဥ်။

ဆက်စပ် သတင်းများ