သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

နိုင်ငံတဝန်း သန်ခေါင်စာရင်း အောက်တိုဘာ ၁ ရက်မှ ၁၅ အထိ ကောက်မည်ဟု စစ်ကောင်စီပြော


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၁ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

မောင်စာဂ

နိရဥ္စရာ၊ သြဂုတ် ၁ /၂၀၂၄

ရွေးကောက်ပွဲအတွက် ရှေ့ပြေးလုပ်ငန်းစဥ်ဟုဆိုကာ မြန်မာတစ်နိုင်ငံလုံးတွင် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကို လာမည့်အောက်တိုဘာ ၁ ရက်မှ ၁၅ ရက် အထိကောက်ယူသွားမည်ဟု စစ်ကောင်စီက ထုတ်ဖော်ပြောဆိုလိုက်သည်။

ယမန်နေ့ ဇူလိုင် ၃၁ ရက်၊ နံနက် ၁၀ နာရီတွင် နေပြည်တော်၌ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ယာယီသမ္မတအဖြစ်တာဝန်ယူ ကျင်းပသည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေး(၂/၂၀၂၄)၌ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဦးတီခွန်မြတ်က ပြောဆိုသွားခဲ့ခြင်းဖြစ်သည်ဟု ယနေ့ သြဂုတ် ၁ ရက်ထုတ် စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးတီခွန်မြတ်က "လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းသည် မိမိတို့နိုင်ငံအတွက် မဖြစ်မနေဆောင်ရွက်ရမည့် အရေးကြီးလုပ်ငန်းရပ်တစ်ခုဖြစ်ကြောင်း၊ နောင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် တိကျမှန်ကန်သောမဲစာရင်းများသည် ပြည်လုံးကျွတ်သန်ခေါင်စာရင်း အချက်အလက်များ အပေါ် အခြေခံရကြောင်း၊ သန်ခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းနှင့် အခြေခံမဲစာရင်း ပြုစုခြင်းလုပ်ငန်းများသည် ဆက်စပ်ချိတ်ဆက်ဆောင်ရွက်ရသည့် လုပ်ငန်းများ ဖြစ်ကြောင်း၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကောက်ယူခြင်း လုပ်ငန်းကို အောက်တိုဘာ ၁ ရက်မှ ၁၅ အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကောက်ယူ သွားမည်ဖြစ်ကြောင်း၊ သန်ခေါင်စာရင်းကောက်ယူခြင်းနှင့်ပတ်သက်၍ လုပ်ငန်း သဘောသဘာဝအရ အဆင့်ဆင့်သောလုပ်ငန်းစဥ်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်ရကြောင်း" စသည်ဖြင့် ပြောဆိုသွားခဲ့သည်။

အလားတူ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း "လူဦးရေနှင့် အိမ်အကြောင်းအရာသန်ခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းသည် အချိန်တို အတွင်း ပြည့်စုံအောင်ဆောင်ရွက်နိုင်သည့်လုပ်ငန်းစဥ်မဟုတ်ကြောင်း၊ ယနေ့ဖြစ်ပေါ်နေသည့်အခြေအနေများအရ လုပ်ငန်းစဥ်အဆင့်ဆင့်နှင့် စိစစ်မှု အဆင့်ဆင့်ပြုလုပ်ရမည်ဖြစ်ကြောင်း၊ ထွက်ပေါ်လာသောလူဦးရေစာရင်းကိုအခြေခံ၍ မဲစာရင်းကို အတတ်နိုင်ဆုံး ပြည့်စုံအောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အချို့တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် လုံခြုံရေးဆိုင်ရာအားနည်းချက်များရှိ၍ သန်ခေါင်စာရင်းကောက်ယူနိုင်ရေး လုံခြုံရေးတိုးတက်မှုရှိအောင် ဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ ရွေးကောက်ပွဲနှင့်ပတ်သက်၍လည်း လုံခြုံရေးအခြေအနေအပေါ်မူတည်၍ ဦးစားပေးအဆင့်ဆင့်သတ်မှတ်ပြီး နယ်မြေဒေသအလိုက်ဆောင်ရွက်ရမည်ဖြစ်ကြောင်း" ပြောဆိုသွားခဲ့သည်။

လက်ရှိ နိုင်ငံတဝန်းတွင် စစ်မီးများ အရှိန်အဟုန်ဖြင့်တောက်လောင်လျက်ရှိပြီး ပြည်သူများလည်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရမှုများရှိနေချိန်တွင် စစ်ကောင်စီက ရွေးကောက်ပွဲ ကျင်းပနိုင်ရန် ရှေ့ပြေးအနေဖြင့် လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကောက်ယူခြင်းကို အချိန်ကိုက်လုပ်ဆောင်ခြင်းမှာ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး ကမ္ဘာကိုလိမ်လည်ရန် လုပ်နေခြင်းသာ ဖြစ်သည်ဟု ကျောက်ဖြူမြို့နယ်မှ နိုင်ငံရေးလေ့လာသုံးသပ်သူ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးက နိရဥ္စရာကို ပြောသည်။

"ဒါက သက်သက်မဲ့ သူတို့တွေ ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီးတော့ ကမ္ဘာကိုနေပြီးတော့ သူတို့လည်း ရွေးကောက်ပွဲကျင်းပပါတယ်ဆိုပြီးတော့ လိမ်ဖို့အတွက် လုပ်နေခြင်းဖြစ်တယ်လို့ အဲလိုသုံးသပ်မိပါတယ်"ဟု ပြောသည်။

လက်ရှိ ရခိုင်ပြည်အနေဖြင့်ကြည့်မည်ဆိုလျှင်လည်း မြို့အများစုကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထားပြီဖြစ်ပြီး စစ်ကောင်စီ၏ ထိန်းချုပ်မှုအောက်တွင် စစ်တွေ၊ မောင်တော၊ အမ်း၊ ကျောက်ဖြူ၊ ဂွ၊ တောင်ကုတ်နှင့် မာန်အောင်မြို့တို့သာရှိတော့သည်။

ယင်းမြို့အနည်းစုတွင်လည်း စစ်ကောင်စီ၏အုပ်ချုပ်ရေးယန္တရားက မြို့ပေါ်တွင်သာ အနည်းငယ်လည်ပတ်နိုင်ပြီး နယ်ကျေးရွာတွင် ထိရောက်မှုမရှိတော့ဟု ဒေသခံများက ပြောသည်။

ယင်းကြောင့် စစ်ကောင်စီ၏ လူဦးရေနှင့် အိမ်အကြောင်းအရာသန်ခေါင်စာရင်း ကောက်ယူမည့်အစီအစဥ်မှာ ထင်သလောက်မလွယ်ကြောင်းလည်း ပြောဆိုကြသည်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်တွင် ပြည်လုံးကျွတ် သန်းခေါင် စာရင်းကို ပြန်လည်ကောက်ယူမည်ဖြစ်ပြီး ယင်းသို့ကောက်ပြီးမှ ရွေးကောက်ပွဲကို ကျင်းပသွားမည်ဟု အမြဲပြောဆိုနေသည်။

မြန်မာနိုင်ငံတွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို ၁၀ နှစ်လျှင် တစ်ကြိမ် ကောက်ယူလေ့ရှိရာ နောက်ဆုံးအနေဖြင့် ၂၀၁၄ ခုနှစ်၊ မတ်လ ၃၀ ရက်မှ ဧပြီ ၁၀ ရက်အထိ ကောက်ယူခဲ့သည်။ 

၂၀၁၄ သန်ခေါင်းစာရင်းမှ ကောက်ယူရရှိသော လူဦးရေကို အခြေခံ၍ မြန်မာတစ်နိုင်ငံလုံးရှိ ခန့်မှန်းလူဦးရေစာရင်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂ ရက်တွင် စစ်ကောင်စီလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ယင်းထုတ်ပြန်ချက်တွင် မြန်မာနိုင်ငံ၏ခန့်မှန်းလူဦးရေမှာ ၅၆ ဒသမ ၂ သန်းရှိပြီး ယင်းအထဲတွင် ရခိုင်ပြည်နယ်၏ ခန့်မှန်းလူဦးရေမှာ ၃ ဒသမ ၄ သန်းအထိရှိသည်ဟု ဆိုသည်။

အဆိုပါ ၃ ဒသမ ၄ သန်းတွင် အမျိုးသား ၁ ဒသမ ၆ သန်းနှင့် အမျိုးသမီးမှာ ၁ ဒသမ ၈ သန်း ပါဝင်သည်ဟုလည်း ဆိုထားသည်။

ဓာတ်ပုံ - ၂၀၁၄ ခုနှစ်တွင် ရခိုင်၌ သန်ခေါင်စာရင်းကောက်ယူခဲ့မှုမြင်ကွင်း။

ဆက်စပ် သတင်းများ