သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပြည်သူများအတွက်ဟုခေါင်းစဥ်ပြပြီး စစ်ကောင်စီက ဆန်အိတ် ၇၉၀၀ ခန့်အပါအဝင် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများ စစ်တွေသို့ပို့ဆောင်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၃ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.8k

(စစ်တပ်နှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက် မလှိမ့်တပတ်ဖြင့် ပေးပို့ခြင်းသာဖြစ်ဟုဆို)

ကြိုင်ဟိန်းလင်း

နိရဉ္စရာ၊ ဩဂုတ် ၃ / ၂၀၂၄ 

ပြည်သူများအတွက်ဟုဆိုကာ စစ်ကောင်စီက ရခိုင်ပြည်၊ စစ်တွေမြို့သို့ ဆန်အိတ် ၇၉၀၀ ခန့်အပါအဝင် ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများကို ရေကြောင်းမှတဆင့် ပေးပို့လိုက်ကြောင်း သိရသည်။

ယမန်နေ့ သြဂုတ် ၂ ရက်တွင် ရန်ကုန်မှ စစ်တွေသို့ သင်္ဘောတစ်စီးဖြင့်ပေးပို့လိုက်ခြင်းဖြစ်သည်ဟု ယနေ့ သြဂုတ် ၃ ရက်ထုတ် စစ်ကောင်စီပိုင်သတင်းစာများတွင် ဖော်ပြထားသည်။

ယခုပေးပို့လိုက်ရာတွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနကပေးပို့သည့် ဆန် ၂၄ ပြည်အိတ် ၇၈၉၇ အိတ်နှင့် ရခိုင်ပြည်စစ်ကောင်စီအဖွဲ့က မှာယူထားသော ဆေးဝါးနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် စုစုပေါင်း ၄၀၄ ဒသမ ၇၅ တန်ပါဝင်သည်ဟု သိရသည်။

အဆိုပါပစ္စည်းများသည် ပြည်သူများအတွက်မဟုတ်ဘဲ စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာဝန်ထမ်းများအတွက်သာဖြစ်သည်ဟု လေ့လာစောင့်ကြည့်နေသည့် စစ်တွေဒေသခံအမျိုးသားတစ်ဦးက နိရဥ္စရာကို ပြောသည်။

"ဒါကတော့ ပြည်သူတွေအတွက်မဟုတ်ဘူး။ သူတို့ရဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေ။ လောလောဆယ် စစ်တွေမှာ လည်ပတ်နေသေးတဲ့ သူတို့ ယန္တရားထဲမှာရှိနေပြီး အလုပ်လုပ်နေကြတဲ့ ဌာနဆိုင်ရာဝန်ထမ်းတွေအတွက်ပဲဖြစ်တယ်။ ပြည်သူတွေအတွက် တင်ဆောင်လာတာတော့ လုံးဝမဟုတ်ဘူး" ဟု ဆိုသည်။

လက်ရှိ စစ်ကောင်စီ ထိန်းချုပ်ထားဆဲဖြစ်သော စစ်တွေမြို့တွင် ပြည်သူများသည် အငတ်ဘေးနှင့် ရင်ဆိုင်ရမည့်အနေအထားကို ကြုံတွေ့နေရသော်လည်း ပြည်သူများကိုလျစ်လျူရှုကာ သူတို့လက်အောက်ခံလူတစ်စုအတွက်သာ စစ်ကောင်စီက ထောက်ပံ့ပေးနေခြင်းဖြစ်သည်ဟု ဆိုသည်။

ရခိုင်တွင် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှစတင်ကာ တကျော့ပြန်တိုက်ပွဲများဖြစ်ပြီးနောက် စစ်ကောင်စီက ဒေသတွင်း ကုန်းလမ်း၊ ရေလမ်းတို့ကို တင်းကျပ်စွာပိတ်ထားခဲ့သည်။

ယင်းသို့ပိတ်ထားချိန်တွင် ပြည်သူများအတွက်ဟုဆိုကာ စစ်ကောင်စီက ယခုကဲ့သို့ကုန်သင်္ဘောများဖြင့် ရန်ကုန်မှ စစ်တွေသို့ကုန်ပစ္စည်းများ အကြိမ်ကြိမ် ပို့ဆောင်ပေးခဲ့သော်လည်း ထိုပစ္စည်းများမှာ ပြည်သူများလက်ထဲသို့ရောက်လာခြင်းမရှိခဲ့ဖူးဟု မြို့ခံအိမ်ရှင်မတစ်ဦးက နိရဥ္စရာကိုပြောသည်။

"မရှိဘူး။ မရှိဘူး။ အဲလိုမျိုး ပြည်သူတွေဆီ ရောက်လာတာမရှိဘူး။ သူတို့ဟာသူတို့ ယူနေကြတာ"ဟု ပြောသည်။

စစ်ကောင်စီ၏ ကန့်သတ်ပိတ်ဆို့မှုများကြောင့် စစ်တွေဒေသခံ အခြေခံလူတန်းစားများမှာ အငတ်ဘေးနှင့်ရင်ဆိုင်နေရခြင်းနှင့် ဆေးဝါးများပြတ်လပ်နေသည့်အတွက်လည်း ‌ကျန်းမာရေးစောင့်ရှောက်မှု မခံရခြင်း စသည့် ဒဏ်နှစ်ရပ်လုံးကို တစ်ပြိုင်တည်း ခံစားနေကြရသည်။

ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။

တစ်ဘက်တွင်လည်း စစ်ကောင်စီသည် ၎င်းတို့ လက်အောက်ခံ လူတစ်စုအတွက် ‌ဆေးဝါးနှင့် စားသောက်ကုန်ပစ္စည်းများကို သယ်ယူနေသော်လည်း ပြည်သူများ ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ခက်ခက်ခဲခဲသယ်ယူနေကြသည့် ပြည်သူပိုင်ဆေးဝါးများနှင့် စားသောက်ကုန်ပစ္စည်းများကိုမူ တရားမဝင်ကုန်ပစ္စည်းများဟုဆိုကာ စစ်ကောင်စီက ဖမ်းဆီးလျက်ရှိသည်။ 

ပြီးခဲ့သည့်အပတ်ကလည်း စစ်တွေသို့ ကျပ်သိန်းပေါင်းထောင်နှင့်ချီတန်ဖိုးရှိ ဆေးဝါးအမျိုးမျိုးနှင့် လျှပ်စစ်ပစ္စည်းများ တရားဝင် တင်ဆောင်လာသည့် ပုဂ္ဂလိကပိုင်သင်္ဘောတစ်စီးကိုလည်း စစ်ကောင်စီက ဖမ်းဆီးလိုက်သည်။

ထိုကဲ့သို့ ဖမ်းဆီးမှုကြောင့် လုပ်ငန်းရှင်များတွင်  ထိခိုက်နစ်နာမှုများရှိသလို ဆေးဝါးပြတ်လပ်သည့်ဒဏ်ကိုလည်း ပြည်သူများ အလူးအလဲခံစားနေကြရသည်။

အလားတူ ဧရာဝတီတိုင်းဘက်မှ ရခိုင်သို့ သယ်ဆောင်သည့် ဆေးဝါးများ၊ စက်သုံးဆီများ၊ စားသောက်ကုန်များနှင့် ငွေလွှဲငွေထုတ်လုပ်ရန် ငွေသားကျပ်သိန်းပေါင်း သောင်းနှင့်ချီတို့ကိုလည်း ဧရာဝတီတိုင်းဘက်မှမထွက်ခွာမီ စစ်ကောင်စီက တင်းတင်းကျပ်ကျပ်ပိတ်ဆို့ဖမ်းဆီးလျက်ရှိသည်။

 ယမန်နေ့ သြဂုတ်လ ၂ ရက်၊ နံနက်အစော ၃ နာရီကလည်း ရခိုင်သို့ပို့မည့် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများတင်ဆောင်လာသော စက်လှေတစ်စီးနှင့်အတူ ဧရာဝတီတိုင်း၊ ချောင်းသာမြို့မှ စက်လှေပိုင်ရှင်နှစ်ဦးကို ချောင်းသာမြို့တွင် စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

ယင်းစက်လှေပေါ်တွင် စက်သုံးဆီဒီဇယ် ၄ ပေပါ၊ အချိုမှုန့် ၂၅ ကီလိုဂရမ်ပါအိတ် ၇ အိတ်၊ စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းမျိုးစုံ ထည့်ထားသော ပီနမ်အိတ် ၂၈ ထုပ်တို့ပါဝင်ပြီး ရခိုင်ပြည်၊ ဂွမြို့နယ်ရှိ ကျိန္တလီမြို့သို့ ပို့ဆောင်ရန်ပြင်ဆင်နေချိန် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။

ဓာတ်ပုံ- စစ်ကောင်စီက ပေးပို့လိုက်သည့်ဆန်အိတ်များအား စစ်တွေသို့သယ်ဆောင်ရန် သင်္ဘောပေါ်တင်နေစဥ်။ (Photo-MOI)

ဆက်စပ် သတင်းများ