သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီက သံတွဲဆေးရုံအပါအဝင် ဆေးရုံများကို ပစ်မှတ်ထား လေကြောင်းတိုက်ခိုက်မှု NUG ပြင်းထန်စွာ ရှုတ်ချ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 2.2k

မောင်စာဂ၊ နိရဥ္စရာ၊ သြဂုတ် ၄/၂၀၂၄

စစ်ကောင်စီက ဆေးရုံများကို ပစ်မှတ်ထားကာ လေကြောင်းမှတိုက်ခိုက်မှုများအပေါ် အမျိုးသားညီညွတ်ရေး အစိုးရ(NUG)က ပြင်းထန်စွာ ရှုတ်ချလိုက်သည်။

စစ်ကောင်စီက နိုင်ငံတဝန်း ဆေးရုံများနှင့် အရပ်သားနေအိမ်များကို လေကြောင်းက တိုက်ခိုက်ခြင်း၊ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကြောင့် ထိခိုက်သေဆုံးနေကြမှုနှင့် စပ်လျဥ်းပြီး စစ်ကောင်စီ၏လုပ်ရပ်အပေါ် ပြင်းထန်စွာ ရှုတ်ချကြောင်း NUG ၏ ကျန်းမာရေးဝန်ကြီးဌာနက သြဂုတ် ၂ ရက်တွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါထုတ်ပြန်ချက်တွင် စစ်ကောင်စီသည် ဩဂုတ်လ (၁) ရက်၊ ည ၁၁ နာရီခွဲခန့်တွင် စစ်မြေပြင်မဟုတ်သော လောက်ကိုင်မြို့တော်၊ တုန်းချိန်မြို့ကို လေကြောင်းဖြင့် Heavy weight ဗုံးသီး (၄) လုံး ဗုံးကြဲတိုက်ခိုက်ခဲ့ရာ (၂) လုံးမှာ အထူးဒေသ (၁)၊ အမှတ် (၂) ပြည်သူ့ဆေးရုံနှင့် ဘေးရှိ အဆောက်အအုံများသို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ကျန် (၂) လုံးမှာ Fully Light ဟိုတယ်အနီးရှိ အရပ်သားနေအိမ်များသို့ ကျရောက်ပေါက်ကွဲခဲ့သည်ဟု ဖော်ပြထားသည်။

ထို့နောက် နာရီပိုင်းအကြာ ဩဂုတ်လ (၂) ရက်၊ ညဥ့် ၁ နာရီခွဲခန့်တွင်လည်း စစ်ကောင်စီသည် ကိုးကန့်ခရိုင်၊ တုန်းရှမ်းမြို့နယ်၊ ထိုက်ဖျင်တိုက်နယ်၊ ရိုးယွမ်ကျည်ရွာသို့ ဗုံးသီး (၁၇) လုံးဖြင့် ထပ်မံလာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားနေအိမ်အမြောက်အမြား ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု ဆိုထားသည်။

ထိုသို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် အထူးဒေသ (၁)၊ အမှတ် (၂) ပြည်သူ့ဆေးရုံ၏ လုံခြုံရေးဝန်ထမ်း (၁) ဦး ပွဲချင်းပြီး သေဆုံးခဲ့ရပြီး ဆေးရုံတက်နေသော လူနာ (၂) ဦး ပြင်းပြင်းထန်ထန် ဒဏ်ရာရရှိခဲ့ကာ အသေးစားဒဏ်ရာရရှိသူများလည်း အမြောက်အမြား ရှိခဲ့သည်ဟု သိရသည်။

ထို့ပြင် အရပ်သားနေအိမ်များ၊ ဟိုတယ်များနှင့် မော်တော်ကားများလည်း ပျက်စီး ဆုံးရှုံးခဲ့ရသည်ဟု NUG ထုတ်ပြန်ချက်က ဆိုသည်။

အလားတူ စစ်ကောင်စီသည် ဇူလိုင်လ (၁၀) ရက်ကလည်း စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ မုံရွာ-ရေဦးလမ်းပိုင်း၊ ထနောင်ကုန်းကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူနာများကို ဆေးကုသမှုပေးနေသည့် အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement  CDM) ပြုလုပ်ထားသူ သားဖွားဆရာမ (၁) ဦး၊ လူနာနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ရဲဘော် (၆) ဦး၊ စုစုပေါင်း (၇) ဦး ကျဆုံးခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

ထို့ပြင် ပြည်သူ (၇) ဦးနှင့် PDF ရဲဘော် (၉) ဦး၊ စုစုပေါင်း (၁၆) ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ကျေးလက်ကျန်းမာရေးဌာနခွဲ အဆောက်အအုံမှာလည်း များစွာထိခိုက်ပျက်စီးခဲ့ကာ သားဖွားဆရာမ၏ တစ်နှစ်ခွဲအရွယ် ကလေးငယ်မှာလည်း ပြင်းထန်စွာ ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ကောင်စီသည် ဇူလိုင်လ (၁၅) ရက်ကလည်း ရက္ခိုင်ပြည်၊ သံတွဲမြို့အတွင်းရှိ ခရိုင်ပြည်သူ့ဆေးရုံကို လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဆေးရုံအဆောင်များ ပျက်စီးထိခိုက်မှု များပြားခဲ့ကြောင်း ဆက်လက်ဖော်ပြထားသည်။

စစ်ကောင်စီက ယခုကဲ့သို့ ဆေးရုံဆေးခန်းများနှင့် ကျန်းမာရေးကဏ္ဍအပေါ် တမင် ပစ်မှတ်ထား၍ တိုက်ခိုက်မှုများသည် ဂျီနီဗာကွန်ဗန်းရှင်း (Geneva Conventions)၊ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်များ၊ လူသားချင်းစာနာထောက်ထားရေးနှင့် လူအခွင့်အရေးဆိုင်ရာ နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်း ဖြစ်သည်ဟုလည်း NUG က ဆိုသည်။

"အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူတို့အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများကို သက်စွန့်ဆံဖျား ကြိုးပမ်းဆောင်ရွက်နေသော ကျန်းမာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့်အတူ ခိုင်မာစွာ လက်တွဲရပ်တည်လျက်ရှိပြီး အကြမ်းဖက် စစ်ကောင်စီ၏ အကြမ်းဖက်လုပ်ရပ်များကို ပြင်းထန်စွာ ရှုတ်ချလိုက်သည်"ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

NUG ၏ ကျန်းမာရေးဝန်ကြီးဌာနသည် သေဆုံးထိခိုက်ခဲ့ရသည့် ပြည်သူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ တော်လှန်ရေးရဲဘော်များအတွက် တရားမျှတမှုကို ဆောင်ကျဉ်းသွားမည်ဖြစ်ပြီး စစ်ကောင်စီနှင့် ၎င်းတို့၏ လက်ပါးစေ ကြံရာပါများကို တရားဥပဒေအရ ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - ၂၀၂၄ ခုနှစ်၊ မေလ ၁၅ ရက်၊ ညဥ့် ၁၂ နာရီခွဲခန့်က ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်ရှိ ဝဲကြီးထောင့်ဆေးရုံကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်အပြီး ယင်းနေ့နံနက်က တွေ့ရစဥ်။ (Photo-CJ)

ဆက်စပ် သတင်းများ