သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဧရာဝတီတိုင်း စစ်ဆေးရေးဂိတ်တွင် ရခိုင်စစ်ရှောင်များကို လဝကမှူးဦးစီး၍ ငွေညှစ်တောင်းခံနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၅ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 3.4k

ကံ့ကော်နီနီ

နိရဉ္စရာ၊ ဩဂုတ် ၅ / ၂၀၂၄

ရခိုင်ပြည်တောင်ဘက် စစ်ရေးပြင်းထန်နေသည့် သံတွဲနှင့် ဂွမြို့နယ်တို့မှ စစ်ဘေးရှောင်ကြသည့်ဒေသခံများမှာ ဧရာဝတီတိုင်း စစ်ဆေးရေးဂိတ်တွင် လဝကမှူးကိုယ်တိုင်ဦးစီး၍ ငွေညှစ်တောင်းခံမှုများကို ကြုံတွေ့နေကြရကြောင်း နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ရေကြည်မြို့နယ်၊ ရေနံ့သာစစ်ဆေးရေးဂိတ်တွင် လူဝင်မှုကြီးကြပ်ရေးဦးစီးမှူး ဦးမျိုးသန်းဦးစီး၍ ရခိုင်ပြည်ဘက်မှ စစ်ရှောင်များတင်ဆောင်လာသည့် ယာဥ်များကို ဖြတ်သန်းသွားလာခွင့်အတွက်ငွေညှစ်ကောက်ခံနေခြင်းဖြစ်ကြောင်း စစ်ရှောင်များက ပြောသည်။

"ရေကြည်မြို့နယ် ရေနံ့သာစစ်ဆေးရေးဂိတ်မှာ လဝကမှူးနဲ့အဖွဲ့က စစ်ရှောင်တွေဆီကနေ ငွေတောင်းနေတာ။ ငွေပေးမှ ဖြတ်သန်းခွင့်ရတယ်။ စစ်ဘေးရှောင်တွေလိုက်လာတဲ့ကားတွေကိုတောင်းတာ" ဟု အဆိုပါစစ်ဆေးရေးဂိတ်မှဖြတ်သန်းခဲ့ရသည့် သံတွဲမြို့နယ်မှစစ်ရှောင်အမျိုးသားတစ်ဦးက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါစစ်ဆေးရေးဂိတ်တွင် စစ်ဘေးရှောင်များလိုက်ပါလာသည့် ကားတစ်စီးကို အနည်းဆုံး ၅၀၀၀ ကျပ်မှ ၅၀၀၀၀ ကျပ်အထိတောင်းခံနေကြောင်း သိရှိရသည်။

စစ်ဘေးရှောင်များမှာ စစ်ဆေးရေးဂိတ်ဖြတ်သန်းခွင့်မရ၍ လိုရာခရီးမရောက်မည်ကိုစိုးရိမ်ကာ ၄င်းတို့ငွေညှစ်ကောက်ခံသမျှ ပေးနေရကြောင်း အဆိုပါစစ်ရှောင်အမျိုးသားက ပြောသည်။

"စစ်ရှောင်တွေမှာလည်း ဒီဘက်မှာတိုက်ပွဲပြင်းထန်နေလို့ အသက်အန္တရာယ်ကလွတ်ရာလွတ်ကြောင်းထွက်ပြေးကြရတာ။ သူတို့တောင်းတာမပေးရင် ကားတွေပြန်လှည့်ခိုင်းမှာကိုစိုးတာနဲ့ တောင်းသမျှပေးနေကြရပါတယ်" ဟု နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

သံတွဲမြို့အပါအဝင် ခမရ(၅၆၆)၊ ခလရ(၅၅) ၊ သံတွဲလေဆိပ်၊ အဏ္ဏဝါရိပ်သာနှင့် စစ်ကောင်စီတပ်စခန်းငယ်များအားလုံးကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားပြီး သံတွဲမြို့နယ်မှနောက်ဆုံးကျန်ရှိနေသည့် ကွင်းဝိုင်းရေတပ်စခန်းကို ဆက်လက်ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

အာရက္ခတပ်တော်၏ သံတွဲဒေသတစ်ခုလုံးသိမ်းပိုက်နိုင်ရေးထိုးစစ်နှင့်အတူ စစ်ရေးအရှိန်ပိုမိုပြင်းထန်လာ၍ သံတွဲ၊ ကျိန္တလီ၊ ဂွမြို့နယ်တို့မှဒေသခံပြည်သူများမှာ ဧရာဝတီတိုင်းနှင့် ရန်ကုန်ဘက်သို့ အိုးအိမ်စွန့်ခွာ စစ်ဘေးရှောင်နေကြရခြင်းပင်ဖြစ်သည်။

ဓာတ်ပုံ - ပုံဟောင်း

ဆက်စပ် သတင်းများ