သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ စစ်တွေမြို့မှ အခြားမြို့များသို့ ထွက်ခွာခြင်းမပြုရန် စာထုတ်တားမြစ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4.5k

(စစ်တွေလေဆိပ်တွင် ဝန်ထမ်းများထွက်ခွာမသွားရေး စိစစ်ရေးအဖွဲ့ချထားပြီး တင်းကြပ်စစ်ဆေးနေ)

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဩဂုတ် ၆ / ၂၀၂၄

ရခိုင်ပြည်၊ စစ်တွေမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာဝန်ထမ်းများကို စစ်တွေပြင်ပ ဖြစ်သည့် အခြားမြို့များသို့ ထွက်ခွာသွားလာခြင်းမပြုရန် စစ်ကောင်စီက စာထုတ်တားမြစ် လိုက်သည်။

စစ်ကောင်စီက သြဂုတ်လ ၁ ရက် ရက်စွဲဖြင့် ထုတ်ပြန်တားမြစ်လိုက်ခြင်းဖြစ်ပြီး ယင်းစာများကိုလည်း ဌာနဆိုင်ရာများသို့ ပေးပို့ထားကြောင်း သိရသည်။

အဆိုပါစာတွင် "ရခိုင်ပြည်နယ်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းများသည် လတ်တလော အခြေအနေအရ သက်ဆိုင်ရာဌာနအကြီးအကဲ၏ ခွင့်ပြုချက်တစ်စုံတရာမပါဘဲ စစ်‌တွေမြို့မှ ရန်ကုန်မြို့နှင့် မန္တလေးမြို့များသို့ လေယာဉ်ဖြင့်စီးနင်း၍ လိုက်ပါ ထွက်ခွာလျက်ရှိရာ အဆိုပါဝန်ထမ်းများအား စိစစ်နိုင်ရေးအတွက် နေ့စဉ်စိစစ်ရေးအဖွဲ့အား ဩဂုတ်လ ၄ ရက်နေ့မှ ၁၀ ရက်နေ့အထိ တာဝန်ချပေးထားသည်"ဟု ပါရှိသည်။ 

ယင်းအပြင် "သက်ဆိုင်ရာ တာဝန်ကျစိစစ်ရေးအဖွဲ့သည် နေ့စဉ်သတ်မှတ်နေ့ရက်များအတိုင်း စစ်တွေလေဆိပ်၌ လေယာဉ်ဖြင့် လိုက်ပါမည့် ခရီးသည်များတွင် ခွင့်ပြုချက်မရှိဘဲ လိုက်ပါမည့် ဌာနဆိုင်ရာ ဝန်ထမ်းများပါဝင်ခြင်း ရှိ/ မရှိ စိစစ်၍ နေ့စဉ်စစ်ဆေးချက် အစီရင်ခံစာအား ညနေ ၄ နာရီအရောက်ပို့ပေးရန်နှင့် ထူးခြားချက်ရှိပါက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးသို့ အချိန်နှင့် တပြေးညီ တင်ပြပေးရမည်"ဟု စာထဲတွင် ဆက်လက်ဖော်ပြထားသည်။

စစ်ကောင်စီသည် ယခင်ကတည်းကပင် ဌာနဆိုင်ရာဝန်ထမ်းများအား ကန့်သတ်မှု ရှိခဲ့သော်လည်း ယခုတစ်ကြိမ်တွင် စာထုတ်ပြီး ပြင်းပြင်းထန်ထန် တင်းကျပ် ပိတ်လှောင်လာခြင်းဖြစ်သည်ဟု ဌာနဆိုင်ရာဝန်ထမ်းတစ်ဦးက ပြောသည်။

ဌာနဆိုင်ရာဝန်ထမ်းများအား ယခုကဲ့သို့  ကန့်သတ်ပိတ်ပင်ခြင်းမှာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်နေသည်ဆိုသည့်သဘောကို ပြသရန်ဖြစ်သည်ဟု သူက ဆက်ပြောသည်။

"စစ်တွေမှာလည်း သူတို့ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်တာမျိုး မဟုတ်ဘူး။ ဟန်ပြအနေနဲ့ပဲ လုပ်နေတာ။ စစ်တွေက ဝန်ထမ်းအများစုလည်း မြို့ကိုစွန့်ခွာသွားကြပြီ။ အခုရှိတဲ့သူတွေလည်း ထွက်သွားရင် သူတို့အတွက် ပိုဆိုးတာပေါ့။ ဒါကြောင့် အခုလို လုပ်တာလို့ထင်တယ်"ဟု ပြောသည်။

စစ်တွေရှိ ဌာနဆိုင်ရာများ မြို့ကိုစွန့်ခွာမသွားရေး စစ်ကောင်စီက တာဝန်ပေး ဖွဲ့စည်းလိုက်သည့် စိစစ်ရေးအဖွဲ့ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းရွှေက ဦးဆောင်ပြီး ရဲတပ်ဖွဲ့၊ လဝကနှင့် ပညာရေးဌာနတို့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။

ထို့အပြင် နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်၊ စည်ပင်သာယာရေးအဖွဲ့၊ ရုပ်မြင်သံကြား၊ ပြန်/ဆက်၊ ကိုယ်ပွားသတင်းစာတိုက်၊ ‌သာသနာရေးမှူးရုံး၊ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စစ်တွေ)၊ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးရုံးခွဲ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာန၊ အလုပ်သမားရေးရာ ဆက်ဆံရေး၊ စစ်တွေတက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန စသည့်ဌာနဆိုင်ရာများမှ အရာထမ်းတစ်ဦးကျစီ အလှည့်ကျ စောင့်ကြည့်စိစစ်ရန်လည်း ထုတ်ပြန်ထားသည်။

စစ်ကောင်စီသည် စစ်တွေတွင် ကုန်းလမ်းနှင့် ရေလမ်းတို့ကို တင်းတင်းကျပ်ကျပ်ပိတ်ထားပြီး လေကြောင်းလမ်းတစ်ခုကိုသာ ဖွင့်ပေးထားသည်ဟု မြို့တွင်းပိတ်မိနေသူများက ပြောသည်။

လက်ရှိ စစ်တွေမြို့တွင် ကျန်ရှိနေသည့် ပြည်သူများနှင့် ဝန်ထမ်းများမှာ စစ်ကောင်စီ၏ မတရားဖမ်းဆီးမှုကို ကြောက်နေရသလို တိုက်ပွဲဖြစ်ပွားလာလျှင်လည်း စစ်ကောင်စီမှ ဓားစာခံ လုပ်မည်ကိုလည်း စိုးရိမ်နေကြရသည်ဟု ဆိုသည်။

လက်ရှိတွင် စစ်ကောင်စီသည် စစ်တွေမြို့ရှိ ပြည်သူများအား မတရားဖမ်းဆီးသတ်ဖြတ်ခြင်း၊ ငွေညှစ်ခြင်း၊ ညအချိန် ဧည့်စာရင်းအကြောင်းပြပြီး ဝင်ရောက်ဖမ်းဆီးမှုများကြောင့် စစ်တွေဒေသခံများမှာ ရန်ကုန်နှင့် တခြားနေရာများသို့ စစ်ဘေးရှောင်ရန် ထွက်သွားခဲ့ကြသည်။

ထို့အပြင် စစ်တွေမြို့တွင် အာရက္ခတပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားမည်ကို စိုးရိမ်ပြီး စစ်တွေဒေသခံများမှာ မြို့ကိုတဖြည်းဖြည်း စွန့်ခွာ ထွက်သွားကြရသည်။

ထိုကဲ့သို့ မြို့ကိုစွန့်ခွာထွက်ပြေးသူများလာချိန်တွင် စစ်ကောင်စီက ၄င်းလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများသို့ စာ‌ပို့ပေးကာ တင်းတင်းကျပ်ကျပ် ပိတ်‌ဆို့လိုက်ခြင်းဖြစ်သည်။

ဆက်စပ် သတင်းများ