သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

စစ်ကောင်စီကို တရုတ်အထူးကိုယ်စားလှယ်လာတွေ့ခြင်းမှာ မြန်မာပြည်ပြည်တွင်းရေးမှာ သက်ဆိုင်သူအားလုံးပါဝင်သည့် ဆွေးနွေးပွဲကြီးဖြစ်ရေးကြိုးစားနေခြင်းဟု ဒေါက်တာလှကျော်ဇော သုံးသပ်ပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.6k

လူထက်နိုင်(ဒွါရာမြီ)၊ နိရဥ္စရာ၊ သြဂုတ် ၉ / ၂၀၂၄

စစ်ကောင်စီ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း ယမန်နေ့ ဩဂုတ် (၈)ရက်တွင် နေပြည်တော်ရှိ စစ်ကောင်စီ ဥက္ကဋ္ဌရုံး ဧည့်ခန်းမ၌ လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။

အဆိုပါ လာရောက်တွေ့ဆုံမှုနှင့် ပတ်သက်ပြီး တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက မြန်မာပြည်ရဲ့ပြည်တွင်းရေးတွင်  ပါဝင်ပတ်သက်နေသူများ အားလုံး ပါဝင်သည့် ဆွေးနွေးပွဲကြီးဖြစ်ရေး တရုတ်တို့ ကြိုးစားနေခြင်းဟု ပြောသည်။

“တရုတ်ကတော့ မြန်မာပြည်ရဲ့ပြည်တွင်းရေးမှာ ပါဝင်ပတ်သက်နေတဲ့ သူတွေအားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီးဖြစ်ရေး သူတို့ကြိုးစားနေတာပဲ။ ဒါပေမဲ့ ကျွန်မကြည့်တယ်။ စစ်တပ်က ဒါကို မလိုက်လျောနိုင်ဘူးဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူတို့က အနိုင်တိုက်ရေးပဲ ပြောတာ။ အပြုတ်တိုက်မယ်၊ ဘာမယ်ညာမယ်လို့ပြောနေတော့ စေ့စပ်ရေးလမ်းကို ရောက်ဖို့ တရုတ်က ကြိုးစားနေတယ်။ မနေ့က တရုတ်က တိန့်ရှီကျွန်းတို့ မြန်မာကို သွားကြတာ။ အဓိက စစ်တပ်နဲ့ ဆွေးနွေးဖို့သွားတာပဲ။ စစ်တပ်ကဆွေးနွေးပွဲတောင် မတက်ဘူးလေတွေ့တဲ့ အတိုင်းပဲ။ တရုတ်ကတော့ ဆက်ပြီးပါဝင်နေမှာပါပဲ” ဟု နိရဥ္စရာသို့ ပြောသည်။

ယခု တွေ့ဆုံမှုသည် တရုတ်ဘက်က မြန်မာ့အရေးတွင်အားလုံးပါဝင်သည့် စေ့စပ်ရေးတစ်ခု ဖြစ်လာရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ သို့သော်  မြန်မာစစ်တပ်တွင် ယင်းသို့ ဆန္ဒရှိပုံ မရကြောင်း ဒေါက်တာလှကျော်ဇောက သုံးသပ်သည်။

ပြီးခဲ့သည့် ဇူလိုင်လနောက်ဆုံးပတ်တွင် ၆ ကြိမ်​မြောက် ဟိုင်ဂင်မြို့တွင် တွေ့ဆုံ ဆွေးနွေးရန်ရှိသော်လည်း စစ်ကောင်စီဘက်က ဆွေးနွေးပွဲကို တက်ရောက်မှုမရှိခဲ့၍ သြဂုတ်လ ၈ ရက်သို့ ထပ်မံ ရွေ့ဆိုင်းခဲ့ကြသည်။


သြဂုတ်လ ၈ ရက်တွင်လည်း စစ်ကောင်စီဘက်က မတက်ရောက်၍ တရုတ် အထူး ကိုယ်စားလှယ် မစ္စတာတိန့်ရှီကျွန်း ကိုယ်တိုင် မြန်မာပြည်သို့ လာရောက်ပြီး စစ်ကောင်စီ ဥက္ကဋ္ဌနှင့် လာတွေ့ခြင်းဖြစ်နိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီနှင့် မြောက်ပိုင်း ၃ ဖွဲ့သည် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း တရုတ်နိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုဖြင့် တရုတ်နိုင်ငံ၊ ဟိုင်ဂင်မြို့တွင် ၅ ကြိမ်မြောက် တွေ့ဆုံ ဆွေးနွေးခဲ့ပြီဖြစ်သော်လည်း တိကျပြတ်သားသည့် ရလဒ်များ မထွက်ရှိခဲ့ဟု သိရသည်။

တရုတ် အထူးကိုယ်စားလှယ်နှင့် စစ်ကောင်စီ၏ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံရာတွင် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် သံတမန်ဆက်ဆံရေးဆိုင်ရာကိစ္စရပ်များ၊ မြန်မာနိုင်ငံ၏ ပြည်တွင်းငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များ၊ နယ်စပ်ဒေသ တည်ငြိမ် အေးချမ်းရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု  စစ်ကောင်စီပိုင် သတင်းစာများတွင် ဖော်ပြထားသည်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီကျွန်း မြန်မာ စစ်ခေါင်းဆောင်အားလာရောက်တွေ့ဆုံချိန်သည် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်အပါအဝင် တပ်စခန်း အများအပြားကို မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA)နှင့် ပူးပေါင်းတပ်များက သိမ်းပိုက် ထိန်းချုပ်လိုက်သည့်နောက်ပိုင်း လာရောက်ခြင်းဖြစ်၍ နှစ်နိုင်ငံ နယ်စပ်ရေးရာ ကိစ္စရပ်များနှင့် နယ်စပ်ဒေသတည်ငြိမ်ရေးကို အဓိကထား ဆွေးနွေးကြပုံရကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

စစ်တပ်ကျောထောက်နောက်ခံပါတီဖြစ်သည့် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ပါတီက စစ်ရေးအရ ကူညီရန် တရုတ်နိုင်ငံသို့ တောင်းဆိုထားပြီးချိန်နှင့် နယ်စပ်တစ်လျှောက် လက်နက်စက်ရုံများအတွက် အထောက်အပံ့ပေးသူများအား စုံစမ်းဖော်ထုတ်ရမည်ဟု စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မကြာသေးခင်ရက်ပိုင်းက ပြောကြား ထားချိန်တွင် တရုတ်ကိုယ်စားလှယ် မြန်မာသို့ ရောက်ရှိလာခြင်း ဖြစ်သည်။

၎င်းပြင် စစ်ကောင်စီလေယာဉ်များသည် သြဂုတ် ၈ ရက်တွင် လိုင်ဇာပတ်ဝန်းကျင်သို့ ဗုံးလာကြဲခဲ့၍ တရုတ်နိုင်ငံမှ နယ်နိမိတ် မကျူးကျော်ရန် အချက်ပြသည့်သဘောဖြင့် တရုတ်လေယာဉ်များ နယ်စပ်ဝန်းကျင်တွင် ပျံဝဲ ကင်းလှည့်မှုရှိခဲ့ကြောင်းလည်း သိရသည်။

မစ္စတာတိန့်ရှီကျွင်း၏ ယခုခရီးစဉ်သည် ဆဋ္ဌမမြောက်ဖြစ်ပြီး ၂၀၂၂ ကလည်း ပထမ အကြိမ်လာရောက်ခဲ့ကာ ၂၀၂၃ ခုနှစ် မတ်လ၊ ဇူလိုင်လ၊ စက်တင်ဘာလများတွင်လည်း လာရောက်ခဲ့ဖူးကြောင်း သိရသည်။

၂၀၂၄ ခုနှစ်၊ ဇွန်လ ၁၈ ရက်ကလည်း ပဉ္စမအကြိမ်အဖြစ် မစ္စတာတိန့်ရှီကျွင်း နေပြည်တော်သို့ လာရောက်ခဲ့ဖူးကြောင်း သိရသည်။

ဓာတ်ပုံ - စစ်ကောင်စီ

 

ဆက်စပ် သတင်းများ