သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ပြည်သူများ အလွယ်တကူဝင်ထွက်သွားလာ၍ မရအောင် စစ်ကောင်စီက စစ်တွေကမ်းနား တစ်လျှောက် ခြံစည်းရိုးကာရံနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၀ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 4k

ကြိုင်ဟိန်းလင်း၊ နိရဉ္စရာ၊ ဩဂုတ် ၁၀ / ၂၀၂၄

စစ်ကောင်စီသည် သြဂုတ်လအစောပိုင်းမှစတင်ကာ စစ်တွေမြို့ ကမ်းနားလမ်းတစ်လျှောက်မှ စတင်ပြီး မြို့တစ်ပတ် သံဆူးကြိုးများ ကာရံလျက်ရှိသည်ဟု စစ်တွေမြို့ခံတစ်ဦးက ပြောဆိုသည်။

"စစ်တွေတစ်ပတ် ခြံစည်းရိုးကာနေတယ်။ အခု စကာနေကြပြီ။ ကမ်းနားလမ်းက ရေထိန်း နံရံဖြစ်တဲ့ အုတ်တံတိုင်းပေါ်ကနေ ၆ ပေအမြင့် ခြံစည်းရိုးကာနေတာ။ သံဆူးကြိုးတွေနဲ့ ကာနေတာ။ အခုကတော့ မင်းကြီးကျောက်တန်းနားက စကာနေပြီ" ဟု ပြောသည်။

ယခုကဲ့သို့ ကာရံခြင်းမှာ မြို့သူမြို့သားများ စစ်တွေမြို့အတွင်းသို့  အလွယ်တကူ ဝင်ထွက်သွားလာ၍ မရအောင် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သလို နောက်တစ်ချက်မှာ  အာရက္ခတပ်တော်(AA)က စစ်တွေမြို့ထဲ အလွယ်တကူ ဝင်ရောက်မလာနိုင်အောင် တားဆီးရန်လည်း ရည်ရွယ်ခြင်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောသည်။ 

“အဓိကတော့ ပြည်သူတွေကို အလွယ်တကူ ဝင်ထွက်သွားလာလို့ မရအောင် ရည်ရွယ်ချက်နဲ့ ပြုလုပ်တာဖြစ်ပါတယ်။ ကုလားတန် ကမ်းတစ်လျှောက်က အရှည်ကြီးဆိုတော့ သွားချင်သလို ဝင်ထွက် သွားလာလို့ရနေတာကို ပိတ်ပင်ဖို့လုပ်တာပါ။ နောက်တစ်ချက်က အေအေကို အကြောက်လွန်ပြီး အလွယ်တကူ ဝင်လာလို့ မရအောင် လုပ်တာမျိုးလည်း ပါပါတယ်”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီသည် ခြံစည်းရိုးကာရံပြီးနောက် အဆိုပါ ခြံစည်းရိုးတစ်လျှောက်တွင် လျှပ်စစ်ဓာတ်အားလွှတ်ရန်လည်း သတင်းများ ထွက်နေသည်ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။

"သူတို့က အခု သံဆူးကြိုးကာနေတယ်။ ပြီးတော့ လျှပ်စစ်ဓာတ်အားလွှတ်မယ်။ အေအေတပ်တော်က လာတိုက်မှာကို ကြောက်နေကြတယ်။ အေအေက လာတိုက်လို့ရှိရင် ဝင်လို့မရအောင်ပေါ့။ ခြံစည်းရိုးကိုထိရင် ဓာတ်လိုက်မယ်ပေါ့။ အဲလိုမျိုး အစီအစဉ်နဲ့ လုပ်နေတာ"ဟု ပြောသည်။

ယင်းသို့ ခြံစည်းရိုးကာရံရန် စစ်ကောင်စီသည် ပြီးခဲ့သည့်လကတည်းက ရန်ကုန်မှ သင်္ဘောနှစ်စီးဖြင့် စစ်တွေမြို့သို့ ကွန်ကရစ်တိုင်၊ သစ်သားတိုင်များနှင့် ဘိလပ်မြေအိတ်များကို ပို့ဆောင်ခဲ့သည်ဟု သိရသည်။

စစ်တွေမြို့တွင် ခြံစည်းရိုးကာရံသည့်ကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းရန် ရခိုင်ပြည် စစ်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ် ဦးလှသိန်းကို နိရဥ္စရာက ဆက်သွယ်ခဲ့သော်လည်း အဆက်သွယ်မရရှိခဲ့ပေ။

ပင်လယ်နှင့် ကုလားတန်မြစ် ဝိုင်းရံထားသော စစ်တွေမြို့ပတ်ပတ်လည်တွင် စစ်ကောင်စီသည် ရေမြှုပ်မိုင်းများကိုလည်း ထောင်ထားသလို စစ်တွေမြို့နယ်တစ်ပတ်တွင်လည်း လုံခြုံရေးများတိုးမြှင့်ထားသည်

ထို့အပြင် အရပ်သားများကိုလည်း ပိတ်လှောင်ဖမ်းဆီးနေပြီး တိုက်ပွဲဖြစ်ပွားလာလျှင် လူသားဒိုင်ကာအဖြစ် ပြုလုပ်ရန် စစ်ကောင်စီက ပြင်ဆင်ထားသည်။

AA သည် ရခိုင်ပြည်နယ်ရှိ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ရသေ့တောင်၊ ဘူးသီးတောင်၊ တောင်ပြိုနှင့် ချင်းပြည်နယ်၊ ပလက်ဝ စသော မြို့များကိုအပြီးသတ် သိမ်းပိုက်ရရှိထားပြီဖြစ်သည်။

လက်ရှိတွင် AA က မောင်တောမြို့နယ်နှင့် သံတွဲမြို့နှင့် နှစ်ခုလုံးကိုလည်း အပြီးသတ်သိမ်းပိုက်ထိန်းချုပ်ထားနိုင်ရန် တိုက်ပွဲအရှိန်မြှင့် ဖော်ဆောင်လျက်ရှိသည်။

ဓာတ်ပုံ - စစ်တွေမြို့အား ကုလားမြစ်အတွင်းမှတွေ့ရစဥ်။

ဆက်စပ် သတင်းများ