- Web Master
- ၃၀ သြဂုတ် ၂၀၂၄
ရခိုင်ပြည်နယ်ရှိ မြို့နယ် ၃ ခုတွင် ယနေ့ စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များ တပြိုင်တည်း ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။
ပုဏ္ဏားကျွန်း၊ မောင်တောနှင့် တောင်ကုတ်မြို့နယ်တို့ရှိ
စစ်ကောင်စီတပ်များက ယနေ့ အောက်တိုဘာလ ၂၇ ရက်၊
နံနက်ပိုင်းမှစတင်ပစ်ခတ်နေကြခြင်းဖြစ်သည်ဟု ဆိုကြသည်။
ပုဏ္ဏားကျွန်းတွင်ဆိုလျှင် ပုဏ္ဏားကျွန်းမြို့တွင်အခြေစိုက်သည့် ၅၅ဝ
တပ်ရင်းက ယနေ့ နံနက်အစော ၆ နာရီခန့်မှစတင်ကာ အနီးအနားတောတောင်များကို လက်နက်ကြီး၊
လက်နက်ငယ်များ ပစ်ခတ်နေကြခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
ပုဏ္ဏားကျွန်းဒေသခံတစ်ဦးက “မနက် ကတည်းက လက်နက်ကြီးငယ်တွေပစ်တယ်။ ၁ဝ နာရီ ၄ဝ လောက်ကဖြစ်မယ်၊ လက်နက်ကြီးပစ်တယ်။ မနက်ကနေ ပစ်နေတာ။ ၁ဝ
လုံးလောက်စီပစ်တယ်။ လက်နက်ငယ်တွေကတော့ အဲဒီနားက တောင်တွေကိုပစ်တယ်”ဟု ပြောသည်။
ပုဏ္ဏားကျွန်းရှိ ၅၅၀ တပ်ရင်းက ယနေ့ နံနက် ၆ နာရီမှ ညနေ ၆
နာရီအတွင်း လက်နက်ကြီးများ ပစ်ခတ်လေ့ကျင့်မည်ဖြစ်ကြောင်း မြို့ပေါ်ရပ်ကွက် ၄ ခုမှ အုပ်ချုပ်ရေးမှူးများနှင့်
နီးစပ်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးအချို့ကို မြို့နယ်ထွေ/အုပ်က
ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ခေါ်ယူအသိပေးမှုများရှိခဲ့သည်ဟု သိရသည်။
အလားတူ မောင်တောမြို့နယ်ရှိ အင်းဒင်စခန်းနှင့်
ကျောက်ပန္ဒူစခန်းတို့ကလည်း ယနေ့ နံနက်မှစတင်ကာ လက်နက်ကြီး၊ လက်နက်ငယ်များ
ပစ်ခတ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
မောင်တောမြို့နယ်၊ အင်းဒင်ကျေးရွာဒေသခံတစ်ဦးက “မနက်ကနေ ပစ်နေတာ။ အခု
နေ့လယ် ၁ နာရီကျော်ကျော်လောက်မှာ ရပ်သွားတယ်”ဟု ပြောသည်။
မည်သည့်နေရာဘက်သို့ ဦးတည်ပစ်ခတ်နေသည်ကိုမသိရသလို ဒေသခံများကိုလည်း
ကြိုတင်အကြောင်းကြားခြင်းမရှိခဲ့ဟု ဒေသခံများက ပြောသည်။
ယင်းအပြင် တောင်ကုတ်မြို့နယ်၊ တရဂူကျေးရွာအနီးရှိ စစ်ကောင်စီတပ်၏ စစ်ရေးလေ့ကျင်းကွင်းတွင်လည်း
ယနေ့ လက်နက်ကြီးစမ်းသပ်ပစ်ခတ်မည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးမှတဆင့် ရွာသားများကို
ပြီးခဲ့သည့်ရက်ပိုင်းက အသိပေးထားကြောင်း တရဂူကျေးရွာမှ အမျိုးသမီးတစ်ဦးက ပြောသည်။
"ဟိုတရက်က ပြောထားတာ။ ဒီနေ့ပစ်ကြမယ်ထင်တာပဲ။ တခါတခါပစ်ရင်
မြေတွေပါ သိမ့်သိမ့်တုန်တယ်"ဟု ပြောသည်။
လက်နက်ကြီး စမ်းသပ်ပစ်ခတ်ရန်အသိပေးထားသော်လည်း ယနေ့နေ့လယ် ၁
နာရီကျော်အချိန်အထိ ပစ်ခတ်မှုမရှိသေးကြောင်း ကျေးရွာသားများက ပြောသည်။
တရဂူကျေးရွာမှအမျိုးသမီးတစ်ဦးက "အခုမနက်ပိုင်းမှာတော့ ပစ်တာမရှိသေးဘူး။
ညနေပိုင်းလောက် ပစ်မယ်ထင်တယ်"ဟု ပြောသည်။
ယနေ့ အောက်တိုဘာလ ၂၇ ရက်၊ နံနက်အစောမှစတင်ကာ ရက္ခိုင့်တပ်တော် (AA)
အပါအဝင် မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့များဖြစ်ကြသည့်
ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်
မဟာမိတ်တပ်မတော် (MNDAA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်
(TNLA)တို့က ရှမ်းပြည်မြောက်ပိုင်းတွင် စစ်ကောင်စီတပ်ကို
ဗျူဟာမြောက် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး ချင်းရွှေဟော်မြို့ကို ကိုးကန့်တပ်က
သိမ်းပိုက်လိုက်ပြီဟု သိရသည်။
ယင်းအပြင် လားရှိုး-ချင်းရွှေဟော်၊ လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးများကိုလည်း
ယနေ့ နံနက် ၆ နာရီမှစတင်၍ အရေးပေါ်ပိတ်ပင်လိုက်ပြီဟု MNDAA က
ထုတ်ပြန်ထားသည်။
ညီနောင်မဟာမိတ် (၃) ဖွဲ့ဖြစ်သော မြန်မာနိုင်ငံ အမှန်တရားနှင့် တရားမျှတသော
အမျိုးသားပါတီ/ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ် တပ်မတော်(MNTJP/MMDAA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေး
တပ်ဦး/တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)နှင့်
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော် (ULA/AA)တို့က
စစ်အာဏာရှင်စနစ် အမြစ်ပြတ်ရေးအချက်အပါအဝင် အွန်လိုင်း လောင်းကစားများတွင်
ပါဝင်နေသည့် စစ်ကောင်စီနှင့် ပြည်သူ့စစ်အဖွဲ့များကို နှိမ်နင်းနိုင်ရေးတို့အတွက် Operation
1027(၁၀၂၇ စစ်ဆင်ရေး)ကို ပူးပေါင်းဆင်နွှဲလိုက်ပြီဟုလည်း ယနေ့တွင်
ထုတ်ပြန်ထားသည်။
ယင်းကဲ့သို့
တိုက်ပွဲများပြင်းထန်နေချိန် ရခိုင်၌ ယခုကဲ့သို့ လက်နက်ကြီး၊
လက်နက်ငယ်များပစ်ခတ်နေမှုကြောင့် ရခိုင်တွင်လည်း တကျော့ပြန်တိုက်ပွဲများ
ပြန်ဖြစ်လာမည်ကို ဒေသခံများက စိုးရိမ်လျက်ရှိကြသည်။
ဓာတ်ပုံ - စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုမြင်ကွင်းတစ်ခု (Photo – CINCDS)