- Web Master
- ၂၅ စက်တင်ဘာ ၂၀၂၄
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်(AA)က ယနေ့ညနေပိုင်းတွင် RPG နှင့်ပစ်ခတ်တိုက်ခိုက်၍ နှစ်ဘက်ပစ်ခတ်မှုအချိန်အနည်းငယ်ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
ယနေ့ဇန်နဝါရီလ ၃၀ ရက်၊ ညနေ ၅ နာရီဝန်းကျင်က မအီ-ပြင်ဝန်းတံတားဦး အာရှလမ်းမကြီး ဘေးတောင်ကုန်းပေါ်ရှိ မအီမြို့မရဲစခန်းကို ရက္ခိုင့်တပ်တော်ဘက်က အာရ်ပီဂျီဖြင့် ၂ ချက် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြို့ခံများကပြောသည်။
" ရက္ခိုင့်တပ်တော်က ရဲစခန်းကို အာရ်ပီဂျီနဲ့ ပစ်တာ။ ရဲစခန်းဘက်ကလည်း သေနတ်တွေနဲ့ ပြန်ပစ်ခဲ့တယ်။ ပစ်ခတ်မှုဖြစ်တာသိပ်မကြာခဲ့ပါဘူး။ အချိန်ခဏလေးအတွင်းမှာဖြစ်သွားတာ " ဟု မအီမြို့ခံတစ်ဦးက ပြောသည်။
ရက္ခိုင့်တပ်တော်မှ မအီမြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်မှုအပြီး မအီမြို့၊ ဇီးစွန်တောင် တောရ ကျောင်းတောင်တွင်စခန်းချထားသည့် စစ်ကောင်စီဗျူဟာမှ လက်နက်ကြီးတချက်ပစ်ခတ်ခဲ့ကြောင်း မြို့ခံများကပြောသည်။
" ရဲစခန်းဘက်ကလည်းသေနတ်တွေနဲ့ ပြန်ပစ်သံကြားရတယ်။ ပြီးတော့ မြောက်ဦးဆရာတော်ကြီးရဲ့ တောရကျောင်းရှိတဲ့ ဇီးစွန်တောင်လေ။ အဲဒီတောင်က နေပြီးတော့ လက်နက်ကြီးတချက်ပစ်ခဲ့တယ်" ဟု မအီမြို့ခံတစ်ဦးကပြောသည်။
ယနေ့ညနေပိုင်းက မအီမြို့မရဲစခန်းကို ပစ်ခတ်တိုက်ခိုက်မှု အတွင်း ထိခိုက်ပျက်စီးမှုရှိမရှိကို နိရဉ္စရာ အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပေ။
လက်နက်ကြီးနှင့် လက်နက်ငယ်ပစ်ခတ်သံများကြားရလာသည့်အတွက် ညဥ့်အချိန် ရုတ်တရက် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလာမည်ကို မြို့ခံများကစိုးရိမ်မှုရှိနေကြကြောင်း သိရသည်။
မအီမြို့ခံတစ်ဦးကိုည ၉ နာရီခွဲ အချိန်ဆက်သွယ်မေးမြန်းရာ" အခုလက်ရှိတော့ ငြိမ်နေပါတယ်။ ပစ်တာ၊ ခတ်တာတွေ ဘာမှမရှိတော့ဘူး" ဟု ပြောသည်။ (NN-23)