သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်တွင် စစ်ကောင်စီက ဗုံးလာကြဲ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၅ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 1.2k

ကံ့ကော်နီနီ၊ နိရဉ္စရာ၊ ဩဂုတ် ၁၅ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်ထဲတွင် တိုက်ပွဲဖြစ်ပွားခြင်းတစ်စုံတစ်ရာမရှိဘဲ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယနေ့ဩဂုတ်လ ၁၅ ရက်၊ နံနက်အစောကြီး ၃ နာရီခွဲက တောင်ကုတ်မြို့နယ်၊ ဆားပြင် ကျေးရွာနှင့် ကမာကျေးရွာကြားရှိ အောင်မင်္ဂလာကျေးရွာအနီး ကွမ်းခြံစိုက်ခင်းရှိ တဲတစ်လုံးကို စစ်ကောင်စီက Y-12 အမျိုးအစားလေယာဥ်က ဗုံးနှစ်လုံး ကြဲချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက နိရဥ္စရာသတင်းဌာနကိုပြောသည်။

"မနက်အစောကြီးက လေယာဥ်နဲ့နှစ်လုံးကြဲချသွားတယ်။ အောင်မင်္ဂလာကျေးရွာနားမှာရှိတဲ့ ကွမ်းစိုက်ခင်းက တဲကိုချတာလို့ ယူဆရတယ်။ တဲကိုမကျဘဲ ကွမ်းစိုက်ခင်းခြံကိုကျတယ်"ဟု ပြောသည်။

လူနှင့်တိရစ္ဆာန်များထိခိုက်ဒဏ်ရာရမှုတစ်စုံတစ်ရာမရှိခဲ့ကြောင်းလည်း ၄င်းက ပြောသည်။

"လူတွေတော့ ထိခိုက်တာမျိုးမရှိခဲ့ဘူး။ တိုက်ပွဲဖြစ်တာလည်းမရှိဘဲနဲ့ ဒီအတိုင်းကြဲချသွားတာ။ ဘာကြောင့် လာကြဲသလဲဆိုတာတော့ ကျွန်တော်တို့လည်း မပြောနိုင်ပါဘူး" ဟု ပြောသည်။

ယနေ့မနက်ပိုင်းက စစ်ကောင်စီဗုံးကြဲတိုက်ခိုက်ခဲ့သည့်နေရာအနီးရှိ အောင်မင်္ဂလာ ကျေးရွာသည် တောင်ကုတ်မြို့နှင့် ၂၂ မိုင်ခန့်ကွာဝေးပြီး ၄င်းရွာအနီးတွင် ဆားပြင်ကျေးရွာတည် ရှိသည်။

ဇူလိုင်လ ၄ ရက်၊ နေ့လယ်ပိုင်းကလည်း တောင်ကုတ်မြို့နယ်၊ ပေါက်အင်းကျေးရွာကို စစ်ကောင်စီလေယာဥ်ဖြင့် ဗုံးနှစ်လုံးကြဲချခဲ့ရာ ကိုယ်ရင်ကြီးတစ်ပါး ခါးဆစ်ရိုးထိမှန် ဒဏ်ရာရကာ ဇရပ်၊ စာသင်ကျောင်းနှင့် စပါးစက်အိမ်တို့ပျက်စီးခဲ့သလို ဝက်များလည်း သေဆုံးခဲ့သည်။

စကခ(၅) အခြေစိုက်တောင်ကုတ်မြို့ကို ထိုးစစ်ဆင်သွားမည်ဟု ဩဂုတ် ၁ ရက်က အာရက္ခတပ်တော် (AA)ကကြေညာထားပြီးနောက်ပိုင်း စစ်ကောင်စီတပ်သည် လက်နက်ကြီး ပစ်ခတ်ခြင်းများ၊ လက်နက်ကြီးတပ်အသစ်ထပ်တိုးဖွဲ့စည်းခြင်းများ၊မြို့နယ်အနှံ့ လေယာဥ် ဝဲပျံခြင်းများစသည့် စစ်ရေးပြင်ဆင်မှုများကိုထပ်တိုးလုပ်ဆောင်လာသလို ပြည်သူများကို တင်းကျပ် ပိတ်ဆို့မှုများပိုလုပ်လာကြောင်း မြို့ခံများက ပြောသည်။

ဓာတ်ပုံ - ဇူလိုင် ၄ ရက်က တောင်ကုတ်မြို့နယ်၊ပေါက်အင်းကျေးရွာကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်၍ အပျက်စီးပုံများ/ယခုသတင်းနှင့်သက်ဆိုင်ခြင်းမရှိပါ။

ဆက်စပ် သတင်းများ