သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တောင်ကုတ်မြို့နယ်မှ ဂွေးတောက်ကျေးရွာနှင့် မျောက်ငိုကျေးရွာကိုစစ်ကောင်စီမှလေကြောင်းတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၅ သြဂုတ် ၂၀၂၄
  • | ကြည့်ရှုသူ: 828

မင်းသျှင်စော နိရဉ္စရာ၊သြဂုတ် ၂၄ / ၂၀၂၄

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ် ကျောက်တံခါးကျေးရွာအုပ်စု ဂွေးတောက်ကျေးရွာနှင့် မျောက်ငို ကျေးရွာတို့အား ဩဂုတ် ၂၄ ရက် နံနက်တွင် စစ်ကောင်စီမှ လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက် ခဲ့သည်ဟု သတင်းရရှိပါသည်။

တိုက်ပွဲ ဖြစ်ပွားခြင်း တစ်စုံတစ်ရာ မရှိဘဲ ဂွေးတောက်ကျေးရွာနှင့် မျောက်ငိုကျေးရွာကို စစ်ကောင်စီမှ လေကြောင်းကနေ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဂွေးတောက်ကျေးရွာမှ ဒေသခံတစ်ဦးက နိရဉ္စရာ သတင်းဌာနကို ပြောသည်။

"မနေ့က မနက်အစောပေါ့။  ၈ နာရီ ၄၀ မိနစ် ဝန်းကျင်မှာ ပထမတစ်လုံးက ဂွေးတောက် ကျေးရွာကို ပစ်တယ်။ နောက် နှစ်လုံးက မျောက်ငိုကျေးရွာကို ပစ်တယ်။ နောက်ထပ်တစ်လုံးက ဂွေးတောက် ရွာနားက တောထဲကိုကျသွားတယ်။  စုစုပေါင်းလေးလုံးပါ။ သူတို့က Y 12. လေယာဉ်အမျိုးစားနဲ့ လာပစ်တာပါ။ အထိအခိုက်ကို ကျွန်တော်လည်း ရွာကနေ ထွက်ပြေးနေရလို့ အတိအကျ မသိရသေးဘူး"ဟု ပြောသည်။

ဂွေးတောက်ကျေးရွာနှင့် မျောက်ငိုကျေးရွာတို့တွင် အာရက္ခတော်တပ်ဖွဲ့ဝင်များရှိသည်ဟုယူဆကာ ယခုကဲ့သို့ လေကြောင်းကနေ တိုက်ခိုက်ပုံရသည်ဟု ၎င်းက ပြောဆိုသည်။

တောင်ကုတ်မြို့ပေါ်  အခြေစိုက် တပ်ရင်းများအား အာရက္ခတပ်တော်မှ ထိုးစစ်ဆင် တိုက်ခိုက် လာမည်ကို စိုးရိမ်ပြီး စစ်ကောင်စီမှ အေအေတပ်ဖွဲ့ဝင်များရှိနိုင်မည့် ကျေးရွာများအား  လေကြောင်းကနေ တိုက်ခိုက်မူများကို ယခုလတွင် နေ့စဉ်ရက်ဆက်ပြုလုပ်နေသည်ဟု သိရသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူများသေဆုံးမှုနှင့် ဒဏ်ရာရသူ အများအပြား ရှိလာသည်။

သြဂုတ်လ ၂၂ ရက်၊ နေ့လယ် ၁ နာရီကျော် အချိန်ကလည်း တောင်ကုတ်မြို့အနီးရှိ မိုးတောင်၊ ရွှေကွမ်းစမ်း၊ မီးကျောင်းထိုး၊ ဇိမ်ခံထွေစသည့် ကျေးရွာများအနီးသို့ စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးလာကြဲခဲ့ရာ  မီးကျောင်းထိုးကျေးရွာမှ  မခင်ယုနန္ဒာထွန်း (၂၇) နှစ်မှာ နေအိမ်တည့်တည့်ကို ဗုံးထိမှန် သေဆုံးသွားခဲ့သည်ဟု သိရသည်။

ဆက်စပ် သတင်းများ