တနင်္ဂနွေ၊ အောက်တိုဘာလ ၆ရက်၊ ၂၀၂၄

မောင်တော ကိုင်းကြီးမြိုရွာမှ‌ ပျောက်ဆုံးနေသည့် သားဖ ၄ ဦးအား ရှာဖွေစဉ် အာဆာစခန်းတစ်ခုကိုတွေ့ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၆ အောက်တိုဘာ ၂၀၂၄
  • | ကြည့်ရှုသူ: 598

နောင်မင်းသူ၊ နိရဉ္စရာ၊‌ အောက်တိုဘာ ၅/၂၀၂၄

ရခိုင်ပြည်၊ မောင်တောမြို့နယ်တောင်ပိုင်း ကိုင်းကြီးမြိုရွာမှ ပျောက်ဆုံးနေသည့် ဆယ်ကျော်သက်အရွယ် လူငယမ သုံးဦး အပါအဝင် သားဖလေးဦးအား အာရက္ခတပ်တော် (AA) တပ်ဖွဲ့ဝင်များက မေယုတောင်ကြောထဲ၌ ပိုက်စိပ်တိုက်ရှာဖွေခဲ့ကြရာ အာဆာ (ARSA) စခန်းတစ်ခုတွေ့ရှိပြီး မီးရှို့ဖျက်ဆီးခဲ့ကြကြောင်း သိရသည်။

အောက်တိုဘာလ ၄ ရက်တွင် မေယုတောင်တန်းထဲ၌ ရှာဖွေတွေ့ရှိခဲ့သည့် အာဆာစခန်းမှာ တာပေါ်လင်အမဲရောင်နှင့် အစိမ်းရောင်နှစ်ထပ် မိုးထားပြီး လူနေထိုင်သည့် အိပ်စင်များ ပါရှိသည်ဟု သိရသည်။

ကိုင်းကြီး(မြို)ကျေးရွာဒေသခံတစ်ဦးက "မနေ့က အေအေတပ်တော်က စစ်ကြောင်းထိုး ရှာဖွေတာ အကြမ်းဖက်အာဆာအဖွဲ့တွေနေထိုင်တဲ့ စခန်းတစ်ခုကိုတွေ့ရှိပြီး မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရတယ်။ လူတွေကိုတော့ ရှာမတွေ့ခဲ့ကြပါဘူး"ဟု ပြောကြားသည်။

ပျောက်ဆုံးနေသူများမှာ ဦးဆိုင်ဝင်း (၄၅)နှစ်၊ သားများဖြစ်ကြသည့် မောင်လင်ကြီး(၁၅)နှစ်၊ မောင်အာမွန်း(၁၂)နှစ်နှင့် ဦးဆိုင်ဝင်း၏ အစ်ကိုသား မောင်ဒီကော်(၁၄)နှစ်တို့ဖြစ်ကြသည်။

သူတို့သည် စက်တင်ဘာ ၃၀ ရက်၊ နံနက် ၈ နာရီ၌ မေယုတောင်တန်းရှိ လက်ဝဲချောင်းသို့ ငါးရှာသွားကြရာမှ ရွာပြန်မရောက်လာဘဲ ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်သည်။



စတင်ပျောက်ဆုံးခဲ့ချိန်တွင် ရွာသားများစုပေါင်းရှာဖွေသော်လည်း ရှာမတွေ့၍ AA  အားတ ိုင်တန်းအကူအညီတောင်းပြီး AA တပ်ဖွဲ့ဝင်များက အောက်တိုဘာ ၄ ရက်၊ နံနက်မှစတင် ရှာဖွေခဲ့ခြင်းဖြစ်သည်။

ယနေ့ အောက်တိုဘာ ၅ ရက်တွင်လည်း ဆက်လက်ရှာဖွေလျက်ရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

လူပျောက်ရှာစဥ် AA ကတွေ့ရှိခဲ့သည့် အာဆာ စခန်း၏ ထွက်လမ်းမှာ ဘူးသီးတောင်မြို့နယ်၊ ဂူတာပြင်၊ စိမ်းညှင်းပြား၊ သရက်တောင် မွတ်ဆလင်ကျေးများဖက်သို့ ဆင်းလမ်း တွေ့ရှိခဲ့ကြောင်း လိုက်ရှာခဲ့ကြသည့် ကျေးရွာသားများက ပြောဆိုသည်။

"စခန်းနဲ့ တစ်မိုင်အကျော်လောက်မှာ ဘူးသီးတောင်ဖက်က မွတ်ဆလင်ကျေးရွာတွေကို သွားလာနိုင်တဲ့ တောလမ်းကြောင်းတစ်ခုတွေ့ရှိခဲ့ကြရတယ်"ဟု ပြောဆိုသည်။

မောင်တောမြောက်ပိုင်းသွားလမ်းများ၌ ARSA၊ RSO အဖွဲ့များ၏ ခြုံခိုတိုက်ခိုက်မှုများ ရှိနေသလို ဘူးသီးတောင်‌-မောင်တောတောင် ကျော်လမ်းဖြစ်သည့် ဥဒေါင်း-‌ ညောင်ချောင်း ကျော်လမ်း၌လည်း အာဆာအဖွဲ့က ခြုံခိုတိုက်ခိုက်မှုများကြိုကြားကြိုကြား ပြုလုပ်လျက် ရှိနေကြခဲ့သည်ဟု ဒေသခံများက ပြောသည်။

ARSA အဖွဲ့များသည် မောင်တောမြို့နယ်မြောက်ပိုင်း ငန်းချောင်း၊ ဒကြီးစား၊ မျော့တောင် စသည့် ကျေးရွာများအနီးတောတွင်းနေရာများအပြင် ဘူးသီးတောင်တောင်ပိုင်း ဂူတာပြင်၊ စိမ်းညှင်းပြား၊သရက်တောင် မွတ်ဆလင်ကျေးများအနီးရှိ မေယုတောင်ကြောများနှင့် မောင်တော-ဘူးသီးတောင်ကြား မေယုတောင်တန်းထဲများ၌ ရွေ့လျားစခန်းငယ်များဖြင့် ပုန်းခိုနေကြကြောင်း‌ ဒေသခံမွတ်ဆလင်များက ပြောဆိုသည်။

စက်တင်ဘာ ၁ ရက်၊ နံနက် ၇ နာရီခန့်၌ AA တပ်ဖွဲ့ဝင်များ ဘင်္ဂလားဒေ့ရှ်နယ်စပ် ရခိုင်ပြည်ဘက်အခြမ်းနယ်စပ်မျဉ်းမှတ်တိုင် BP(Border Point) (၁၅)နှင့် (၁၆)အကြား ပုံမှန်ကင်းလှည့်မှုပြုလုပ်နေကြစဥ် ကျောက်ချောင်းရွာ ချောင်း၀စခန်းအနီးရှိ တံတားထိပ်သို့အရောက်၌ အင်အား ၃၀ ခန့်ရှိသည့် RSO အကြမ်းဖက်အဖွဲ့များက အလစ်အငိုက်ချောင်းမြောင်းပစ်ခတ်သဖြင့် AA တပ်ဖွဲ့ဝင် ၄ ဦးကျဆုံးသွားခဲ့ရပြီး တစ်ဦးဒဏ်ရာ ရရှိခဲ့ကြောင်း AA‌ ပြောခွင့်ရ ဦးခိုင်သုခက အတည်ပြုပြောဆိုထားသည်။

ထို့အတူ သြဂုတ်လ ၇ ရက်က မောင်တောမြောက်ပိုင်း ကုတ်ပ္ပီကျော်လမ်း၌ ‌အရပ်သား လေးဦးအား ARSA အဖွဲ့ မှ ဖမ်းဆီးခဲ့ရာ တစ်ဦးထွက်ပြေးလွတ်မြောက်လာခဲ့ပြီး ကျန် သုံးဦးမှာ သတ်ဖြတ်ခံခဲ့ရ‌ကြောင်း ဒေသခံများထံမှ သိရှိရသည်။

ဩဂုတ် ၁၂ ရက်နေ့၌လည်း မောင်တောမြို့နယ်တောင်ပိုင်း ဥဒေါင်း-ညောင်ချောင်း တောင်ကျော်လမ်းရှိ ရင်ကွဲတောင်စခန်းမှ ရိက္ခာသွားဝယ်သည့် AA တပ်ဖွဲ့ဝင်နှစ်ဦး အာဆာအဖွဲ့ ခြုံခိုတိုက်ခိုက်ခံရမှုကြောင့် ကျဆုံးခဲ့ရကြောင်း ဒေသတွင်းသတင်းများအရ သိရှိရသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၃၁ ရက်၌လည်း ဘူးသီးတောင်မြို့နယ်၊ ကံ့ကော်မြိုင်ကျေးရွာမှ မောင်တောမြို့နယ်၊ ကြိမ်ချောင်းကျေးရွာသို့ ကုန်ပစ္စည်းများလာဝယ်သည့် ကုန်သည်ကားတစ်စီးအား ကျီးကန်းပြင်တောင်ရွာအနီး၌ ARSA လက်နက်ကိုင်အဖွဲ့ မှကြားဖြတ်တိုက်ခိုက်ခဲ့၍ ကျောင်းဆရာမတစ်ဦးအပါအဝင် အမျိုးသား လေးဦးသေဆုံးခဲ့ရပြီး နှစ်ဦးဒဏ်ရာရရှိသွားခဲ့ရသည်။

ထိုသို့အကြမ်းဖက်တိုက်ခိုက်ခဲ့သည့် အာဆာ အဖွဲ့အား AA က ပိုက်စိပ်တိုက်လိုက်လံပြီး နယ်‌မြေရှင်းလင်းကြစဉ် ဩဂုတ်လ ‌၂ ရက်၊ ညအချိန်၌ ARSA အဖွဲ့များနှင့် နေရာနှစ်ခုတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အာဆာ အဖွဲ့အများအပြားအား ရှင်းလင်းနိုင်ခဲ့ကာ ကိုးဦးဖမ်းဆီးရမိခဲ့သည်ဟု AA က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ - လူပျောက်ရှာစဥ် ပျောက်ဆုံးနေသူများအနက် သားအကြီး၏ ဦးထုပ်နှင့် ဖခင်ဖြစ်သူ၏ ကွမ်းစားသည့် ထုံးဗူးတို့အား တွေ့ရစဉ်။ 

ဆက်စပ် သတင်းများ