သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီခေါင်းဆောင်များ စတင်တွေ့ဆုံ။ ၄-ရက်ကြာ တံခါးပိတ်အစည်းအဝေးတွင် ရှီကျင့်ဖျင်၏ အာဏာကို ပိုမိုဆက်လက်ခိုင်မာစေပြီး သမိုင်းဝင်မည့် ဆုံးဖြတ်ချက်များ ချမှတ်ဖွယ်ရှိ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 1k

နိရဉ္စရာ၊ နိုဝင်ဘာ ၉/၂၀၂၁ (Htay Oung/နိုင်ငံတကာ)

 

တရုတ်အာဏာရကွန်မြူနစ်ပါတီ၏ ထိပ်သီးခေါင်းဆောင်များသည် လက်ရှိသမ္မတ_ရှီကျင့်ဖျင်၏ အာဏာချုပ်ကိုင်မှုကို ပိုမိုခိုင်မာစေရန် အလေးထားမြှင့်တင်လိမ့်မည်ဟု မျှော်လင့်ရသည့် အစည်းအဝေးတစ်ရပ်အား တနင်္လာနေ့တွင် စတင်ကျင်းပသည်ဟု Channel News Asia က ယမန်နေ့ ရေးသားသည်။

 

ပါတီ၏ သြဇာကြီး ဗဟိုကော်မတီဝင် ၄၀၀ ခန့်တို့သည် ၄-ရက်ကြာ မျက်နှာစုံညီအစည်းအဝေးအတွက် ပေကျင်းတွင် စုဝေးကြရာ၌ တရုတ်၏ သိုသိပ်လှသောဦးဆောင်မှုဆိုင်ရာ အခြား အစည်းအဝေးများနည်းတူ တံခါးပိတ်ကျင်းပလျက်ရှိသည်။

 

 တရုတ်နိုင်ငံ၏ နှစ် ၁၀၀ အတွင်း သမိုင်းတစ်လျှောက် ကွန်မြူနစ်ပါတီ၏ အဓိကအောင်မြင်မှုများနှင့် အတွေ့အကြုံများဆိုင်ရာ ဆုံးဖြတ်ချက်မူကြမ်းအပေါ် သမ္မတရှီက ရှင်းလင်းခြင်းဖြင့် အစည်းအဝေးကို စတင်ဖွင့်လှစ်ကြောင်း နိုင်ငံပိုင်_ဆင်ဟွာ_သတင်းအေဂျင်စီက ဖော်ပြသည်။

 

အဆိုပါ ဆုံးဖြတ်ချက်မူကြမ်းကို လာမည့်နှစ်တွင် ကျင်းပမည့် အကြိမ် ၂၀ မြောက် ပါတီကွန်ဂရက်၌ တင်သွင်းမည်ဖြစ်ပြီး ရှီကျင့်ဖျင်အား တတိယအကြိမ်မြောက် ရာထူးတာဝန်ကို ဆက်လက်ထမ်းဆောင်ရန် ကြေညာခြင်းဖြင့် မော်စီတုံးနောက်ပိုင်း တရုတ်၏ အာဏာအရှိဆုံး ခေါင်းဆောင်ဖြစ်လာစေဖွယ်ရှိသည်။

 

ယခုသီတင်းပတ်အစည်းအဝေးတွင် ရှီကျင့်ဖျင်၏ခေါင်းဆောင်မှုကို ချီးမြှောက်ခဲ့ပြီး လေးနက်သော အတွေးအမြင်နှင့် ခံစားချက်ရှိသူ၊ ပင်ကိုယ်အရည်အချင်းပိုင်ဆိုင်သော်လည်း ဆန်းသစ်တီထွင်ဝံ့သူ၊ ရှေ့မျှော်အမြင်ရှိပြီး မမောနိုင်မပန်းနိုင် အလုပ်လုပ်ရန် သန္နိဋ္ဌာန်ချမှတ်ထားသူဖြစ်ကြောင်း ရှီအား နိုင်ငံပိုင်မီဒီယာက ချီးမြှောက်ရေးသားသည်။

 

မော်စီတုန်းခေတ် စတင်ချိန်ကတည်းက တရုတ်နိုင်ငံ၏ သြဇာအာဏာအရှိဆုံး ခေါင်းဆောင်အဖြစ် ကျယ်ပြန့်စွာ သတ်မှတ်ခံထားရသော ရှီ၏ ရာထူးသက်တမ်းသည် ကျယ်ပြောလှသော အဂတိလိုက်စားမှု တိုက်ဖျက်ဖြိုခွင်းရေး၊ ရှင်ကျန်း တိဗက်နှင့် ဟောင်ကောင်ကဲ့သို့ ဒေသများ၌ ဖိနှိပ်ချုပ်ချယ်ရေး မူဝါဒများနှင့် နိုင်ငံခြားဆက်ဆံရေးတို့၌  ပိုမိုခိုင်မာသော ချဉ်းကပ်မှုတို့အား မှတ်သားဖွယ် တွေ့ရှိရသည်။

 

ရှီသည် ဆင်းရဲချမ်းသာ မညီမျှမှုကို ကိုင်တွယ်ဖြေရှင်းရန်နှင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းကြီးများ၏ ကြီးကြပ်ရေးတာဝန်များကို တင်းကျပ်ရန် ရည်ရွယ်ထားသည့် "ဘုံကြွယ်ဝခြင်း" လှုပ်ရှားမှုတစ်ရပ်ကို မကြာသေးမီက စတင်ခဲ့သည်။

 

ဗဟိုကော်မတီ၏ ယခုဆုံးဖြတ်ချက်သည် တရုတ်ကွန်မြူနစ်ပါတီ (CCP) သမိုင်းတစ်လျှောက်၌ တတိယအကြိမ် ထူးခြားခြင်းအဖြစ် သတ်မှတ်ရမည်ဖြစ်သည်။

 

၁၉၄၅ ခုနှစ် မော်စီတုန်းလက်ထက် ပထမအကြိမ်သည် မော်က တရုတ်နိုင်ငံအား လွှမ်းမိုးချုပ်ကိုင်ခြင်း မတိုင်မီ လေးနှစ်အလိုတွင် ကွန်မြူနစ်ပါတီ၌ မော်၏ အာဏာကို ခိုင်မြဲအောင် ကူညီပေးခဲ့ခြင်းဖြစ်သည်။ ဒုတိယအကြိမ်အဖြစ် ၁၉၈၁-ခုနှစ် တိန့်ရှောင်ဖိန်လက်ထက်တွင် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများကို ချမှတ်ခဲ့ပြီး မော်၏ နည်းလမ်းအမှားများကို အသိအမှတ်ပြုခဲ့ခြင်းဖြစ်သည်။

 

လာမည့်နှစ်တွင် ရှီ၏ မကြုံစဖူး တတိယအကြိမ်မြောက် ရာထူးသက်တမ်းရရှိရန် မျှော်လင့်ခြင်း မတိုင်မီတွင် ဆယ်စုနှစ်အတွင်း ၂ ကြိမ်ကျင်းပသည့် ကွန်ဂရက်အစည်းအဝေးကျင်းပခြင်းမှာလည်း ထူးခြားသည့် တိုက်ဆိုင်မှု တစ်ခုဖြစ်သည်။

 

၂၀၁၈ ခုနှစ် ဖွဲ့စည်းပုံပြင်ဆင်ချက်အရ ရာထူးသက်တမ်းကန့်သတ်ချက်များကို ဖယ်ရှားပြီးနောက် ရှီသည် ပြတ် ပြတ်သားသားဆက်ခံမည့်သူကို ရွေးချယ်ခြင်း မရှိသေးဘဲ အနည်းဆုံး ၂၀၂၇-ခုနှစ်အထိ ဦးဆောင်ရန် မျှော်လင့်ထားသည်။

  

ရှီကျင့်ဖျင်သည် ကျောင်းသုံးပြဋ္ဌာန်းစာအုပ်များ၊ တက္ကသိုလ်များနှင့် စာနယ်ဇင်းများတွင် တရုတ်ကွန်မြူနစ်ပါတီ၏သမိုင်းကို ပြန်လည်ရေးသားနေပြီဖြစ်သည်။ မော်စီတုန်းလက်ထက် မဟာခုန်ပျံကျော်လွှားမှု၊ ယဉ်ကျေးမှုတော်လှန်ရေးတို့နှင့် ကျရှုံးမှုများကို သိသိသာသာ လျော့ချစေလျှက်ရှိသည်။ ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် သူ၏လုပ်ဆောင်ချက်ကို အသားပေးဂုဏ်ပြုစေလျှက်ရှိသည်။ ယခု ဆုံးဖြတ်ချက်အသစ်မှာ ပါတီခေါင်းဆောင် ဖြစ် သက်တမ်းရှည်ကြာစေရေး ရှီကျင့်ဖျင်၏ ကြိုးပမ်းအားထုတ်မှုတစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု ဥရောပသမဂ္ဂ လုံခြုံရေးဆိုင်ရာ လေ့လာရေး ဌာနမှ လေ့လာသူတစ်ဦးက ဝေဖန်သည်။

 

ယခုသီတင်းပတ်တွင် ကျင်းပသည့် ကွန်မြူနစ်ပါတီ၏ ထိပ်သီးခေါင်းဆောင်များအစည်းအဝေးတွင် Covid-19 ကပ်ရောဂါအလွန် တရုတ်နိုင်ငံ၏ စီးပွားရေးအပေါ် ထိန်းကျောင်းခြင်းအပြင် ပေကျင်းက ၎င်း၏ပိုင်နက်အဖြစ် တောင်းဆိုထားသော ဒီမိုကရေစီကျွန်းနိုင်ငံထိုင်ဝမ်နှင့်ပတ်သက်၍ အစည်းအဝေးအစီအစဉ်တွင် ထည့်သွင်းနိုင်ဖွယ်ရှိကြောင်း ခန့်မှန်းရသည်

 

#တရုတ်ကွန်မြူနစ်ပါတီ_ဗဟိုကော်မတီအစည်းအဝေးစတင်ကျင်းပ

#ရှီကျင့်ဖျင်၏_တတိယအကြိမ်မြောက်အာဏာသက်တိုးမြှင့်ရန်

….

(AFP., 8 November 2021,” China's Communist leaders begin top meet expected to boost Xi” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)

https://www.channelnewsasia.com/asia/china-xi-jinping-communist-party-central-committee-plenary-2297976

https://www.dhakatribune.com/world/south-east-asia/2021/11/08/china-s-communist-leaders-begin-top-meet-expected-to-boost-xi

ဆက်စပ် သတင်းများ