သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဇီဝရုပ်ကြွင်းလောင်စာသုံး ယာဉ်များအသုံးပြုခြင်းကို ၂၀၄၀-ခုနှစ်တွင် အဆုံးသတ်ရန် နိုင်ငံ-မြို့ကြီးနှင့် ကားထုတ်လုပ်သူများ ကတိပြု


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၂ နိုဝင်ဘာ ၂၀၂၁
  • | ကြည့်ရှုသူ: 9.2k

(နိုဝင်ဘာ-၁၂၊ ၂၀၂၁- Htay Oung/နိုင်ငံတကာ)


ကာဗွန်ထုတ်လွှတ်မှုလျှော့ချရေးနှင့် ကမ္ဘာကြီးပူနွေးလာမှုကို တားဆီးရေး ကြိုးပမ်းမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် နိုင်ငံများ၊ ကုမ္ပဏီများနှင့် မြို့ကြီးများအနေဖြင့် ၂၀၄၀-ခုနှစ်အရောက်တွင် ဇီဝရုပ်ကြွင်းလောင်စာသုံး ယာဉ်များ အသုံးပြုခြင်းကို ရပ်တန့်ရန် ဗုဒ္ဓဟူးနေ့တွင် ကတိပြုခဲ့ကြသည်။

 

သို့သော် ကမ္ဘာ့ထိပ်တန်း ကားထုတ်လုပ်သူ နှစ်ဦးဖြစ်သည့် တိုရိုတာ မော်တော်ကားကုမ္ပဏီနှင့် ဗောက်ဝက်ဂွန် _အေဂျီတို့အပြင် အဓိက ကားစျေးကွက်တည်ရာဖြစ်သော တရုတ်၊ အမေရိကန်နှင့် ဂျာမနီတို့က လက်မှတ်ရေးထိုးခြင်း မပြုကြသောကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုညအဆင့်အထိသို့ ကူးပြောင်းရာတွင် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်သည်ကို မီးမောင်းထိုးပြလျှက် ရှိသည်ဟု Reuters က ယမန်နေ့ရေးသားသည်

 

စကော့တလန် ဂလတ်စ်ဂိုမြို့၌ ကျင်းပလျှက်ရှိသော ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၏ ၂၆ ကြိမ်မြောက် ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ ကွန်ဖရင့်၌ ဖန်လုံဓါတ်ငွေ့ ထုတ်လွှတ်မှု လုံးဝမရှိသော မော်တော်ယာဉ်များ ဖြစ်မြောက်ရေး ဂလတ်စ်ဂိုကြေညာချက် ခေါင်းစဉ်အောက်၌ ဆွေးနွေးခဲ့ကြသည်။

 

တက်ရောက်သူတို့အနေဖြင့် ကာဗွန်ဓာတ်ငွေ့ထုတ်လွှတ်မှုနည်းသော ယာဉ်များဆီသို့ အသွင်ကူးပြောင်းရေးကို အရှိန်အဟုန်မြှင့်တင်ကာ ၂၀၃၅-ခုနှစ် အရောက်တွင် အစိမ်းရောင် ဦးဆောင်စျေးကွက်များသို့ အရောက်လှမ်းနိုင်ရန် ရည်ရွယ်ထားသည်။

 

အဓိက လက်မှတ်ရေးထိုးကြရာတွင် ဖို့ဒ်နှင့် ဂျင်နရယ် မော်တော်ကားကုမ္ပဏီတို့အပြင် ကမ္ဘာ့ဒုတိယ လူဦးရေအများဆုံးတိုင်းပြည်ဖြစ်သည့် အိန္ဒိယနှင့် နိုင်ငံပေါင်း ၃၀ တွင် ကားအစီးရေ ၁.၇ သန်းကို ငှားရမ်းလုပ်ကိုင်သော Leaseplan တို့လည်း ပါဝင်ကြသည်။

 

သဘောတူညီကြရာတွင် အဓိက စီးပွားရေးလုပ်ငန်းကြီးများနှင့် ထုတ်လုပ်သူများ မပါရှိခြင်းမှာ အလွန်စိုးရိမ်ဖွယ်ရာဖြစ်ကြောင်း လူသားများနှင့် ကမ္ဘာမြေအတွက် တရားမျှတရေး ဂရင်းစ်_ပိစ်က သုံးသပ်သည်။

 

ဇီဝရုပ်ကြွင်းလောင်စာအသစ်များကို ရပ်တန့်ရေးအတွက် ၄င်းတို့အပေါ် မှီခိုမှုကို ဖြတ်တောက်ရန် လိုအပ်သည်။ ဆိုလိုသည်မှာ အတွင်းမီးအား_အင်ဂျင်များမှ လျှပ်စစ်ကားများဆီသို့ ဦးတည် ဆောင်ရွက်ကြရန် သန့်ရှင်းလောင်စာအသုံးပြုသည့် အများသုံး သယ်ယူပို့ဆောင်ရေး ကွန်ရက်များကို နှောင့်နှေးမှုမရှိစေဘဲ ဖန်တီးကြရန်ဖြစ်သည်။

 

ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်မှ ထုတ်လုပ်သော်လည်း အတွင်းမီးအားအင်ဂျင်တွင် လောင်ကျွမ်းသော လောင်စာမှ သဘာဝပတ်ဝန်းကျင်ညစ်ညမ်းမှု ထုတ်လွှတ်ခြင်း ရှိမရှိအတွက် "မဖြစ်စလောက်သော ရှုထောင့်"မှ ချဉ်းကပ်၍ ကတိကဝတ်ပြုရေးတွင် ပြည်တွင်းသဘောတူညီချက် မရရှိခဲ့သောကြောင့် နိုင်ငံ၏အစိုးရအနေဖြင့် လက်မှတ်ရေးထိုးမည် မဟုတ်ကြောင်း ဂျာမနီ သဘာဝပတ်ဝန်းကျင် ဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ်က ဗုဒ္ဓဟူးနေ့တွင် ချေ ပပြောဆိုသည်။

... 

မော်တော်ကားများ၊ ထရပ်ကားများ၊ သင်္ဘောများ၊ ဘတ်စ်ကားများနှင့် လေယာဉ်များသည် ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ထုတ်လွှတ်မှုအားလုံး၏ လေးပုံတစ်ပုံခန့်ရှိကြောင်း၊ အများစုမှာ လမ်းပေါ်ရ၌ ပြေးလွှားနေသော ယာဉ်များမှဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ၏ အချက်အလက်များအရ သိရှိရသည်။

 

၂၀၄၀-ခုနှစ် သို့မဟုတ် ထိုထက်စော၍ ကားသစ်များနှင့် ဗင်ကားများအားလုံးတွင် ဖန်လုံအိမ်ဓါတ်ငွေ့ထုတ်လွှတ်မှု လုံးဝမရှိစေရန် ကတိပြုသည့် တိုင်းပြည်များတွင် COP26 ထိပ်သီးအစည်းအဝေးကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ဗြိတိန်အပါအဝင် နယူးဇီလန်၊ ပိုလန်နှင့် အခြားနိုင်ငံများလည်း ပါဝင်ကြသည်။

 

အခြားလက်မှတ်ရေးထိုးသူများတွင် ဆွီဒင်မှ ဗော်လ်ဗိုကားကုမ္ပဏီ၊ ဂျာမနီ_ဒိမ်မလာ_အေဂျီ၏ မာစီဒီးစ်_ဘင့်၊ တရုတ် BYD Co ကုမ္ပဏီနှင့် အိန္ဒိယ_တာတာ_မော်တော်ကားကုမ္ပဏီ၏ ယူနစ်တစ်ခုဖြစ်သော ဂျက်ဂွာ_လင့်_ရိုဗာတို့ ပါဝင်သည်။

 

ကမ္ဘာတစ်ဝှမ်းလုံး၌ ကာဗွန်စျေးနှုန်းလျှော့ချရေး နည်းလမ်းကို နိုင်ငံများက သဘောတူရန် ကြိုးပမ်းနေချိန်တွင် ကမ္ဘာ့အကြီးဆုံး ကားစျေးကွက်ဖြစ်သည့် တရုတ်၊ ကမ္ဘာ့အကြီးမားဆုံး စီးပွားရေးနှင့် ဒုတိယအကြီးဆုံး ကားစျေးကွက်ဖြစ်သည့် အမေရိကန်တို့၏ ကတိကဝတ်တွင် ပါဝင်ရန် ဆန္ဒမရှိကြခြင်းမှာ COP26 ၏ ထိရောက်မှုအပေါ် မေးခွန်းထုတ်စရာ ဖြစ်လာသည်။

 

ကတိကဝတ်ပြုထားသည့် အချို့သော ကားထုတ်လုပ်သူများအနေဖြင့် နည်းပညာ အပြောင်းအလဲပြု လုပ်ရာတွင် ငွေကုန်ကြေးကျများနိုင်ပြီး လိုအပ်သော အားသွင်းစနစ်၊ လျှပ်စစ်ဓာတ်အားလိုင်း အခြေခံအဆောက်အဦများ တည်ဆောက်နိုင်ရေးအတွက် ၄င်းတို့ အစိုးရများထံမှ အလားတူ ကတိကဝတ်များ ကင်းမဲ့နေခြင်းမှာ လည်း သတိပြုစရာပင်ဖြစ်သည်။

 

(ကမ္ဘာတစ်ဝှန်းလုံးတွင် လက်ရှိတွင်ကျယ်စွာ အသုံးပြုနေသော ဓါတ်ဆီ-ဒီဇယ် စသည်တို့မှာ ဇီဝရုပ်ကြွင်းလောင်စာများမှ ထုတ်ယူကြခြင်းဖြစ်ပါသည်။ ၁၉၃၀-ခုနှစ်ဝန်ကျင်တွင် စတင် အသုံးပြုခြင်းဖြစ်သော်လည်း ၄င်းမတိုင်မီ ကမ္ဘာ့အဓိကလောင်စာဖြစ်သည့် ကျောက်မီးသွေးမှာ မှေးမှိန်သွားခြင်း မရှိသေးပါ။ ကမ္ဘာအနှံ့ကျောက်မီးသွေးသိုက်များ ပေါများစွာ တည်ရှိနေခြင်းနှင့် စျေးနှုန်းသင့်တင့်သော လျှပ်စစ်စွမ်းအင်ထုတ် လုပ်ရာတွင် အသုံးတည့်နေဆဲဖြစ်သည်။

.. 

ဤတွင် မော်တော်ယာဉ်များနှင့် ကမ္ဘာ့နိုင်ငံကြီးအချို့တွင် ကျောက်မီးသွေးကို အတိုင်းအဆမဲ့ အသုံးပြုခြင်းကြောင့် ဖန်လုံအိမ်ဓါတ်ငွေ့များ ထွက်ပေါ်ပြီး ကမ္ဘာကြီး ပူနွေးလာကြောင်း ၂၀ ရာစု မကုန်ဆုံးမီမှာပင် အဖြေထွက်လာခဲ့သည်။ သီးနှံစိုက်ပျိုးရေးတွင် အားထားရသည့် မုတ်သုန် လေဝင်ထွက် မမှန်ကန်ခြင်း၊ သဘာဝလွန် မုန်တိုင်းများနှင့် ရေကြီးရေလျှံခြင်း၊ မိုးခေါင်ရေရှားခြင်းတို့ ဖြစ်ပေါ်လာခဲ့သည်။

 

ကျွန်တော်တစ်ဦးတည်း၏ အမြင်မှာ လက်ရှိရောဂါကပ်ဆိုးကို သယ်ဆောင်လာသည့် Covid-19 ဗိုင်းရပ်စ်သည်ပင်လျှင် ပတ်ဝန်းကျင်ညစ်ညမ်းမှုကြောင့် သဘာဝအလျှောက် ဆင့်ကဲပြောင်းလဲလာခြင်း ဖြစ်သည်ဟု ထင်မြင်ပါသည်။ ဖန်လုံအိမ်ဓါတ်ငွေ့ အကြီးအကျယ်ထုတ်လွှတ်သည့် စက်မှု့နိုင်ငံကြီးများ၌ ရောဂါဖြစ်ပွားမှု အပြင်းထန်ဆုံးတွေ့ရှိရခြင်းကြောင့် ဖြစ်ပါသည်

 

ယခုသတင်းပါအတိုင်း သဘောမတူ ကတိမပြုနိုင်သည့် နိုင်ငံကြီးများသည် ကာဗွန်ထုတ်လွှတ်မှု လျှော့ချရေးနှင့် ကမ္ဘာကြီးပူနွေးလာမှုကိုတားဆီးရေးတွင် စေတနာ ကင်းမဲ့လွန်း၍တော့ မဟုတ်ပါ။ နည်းပညာ အပြောင်းအလဲ ပြုလုပ်ရာတွင် ၄င်းတို့၏ ကုန်ထုတ်လုပ်မှုကို ထိခိုက်ပြီး ၄င်းနိုင်ငံသား အပေါ် ထိခိုက်လာမည်ကို စိုးရွ့ံ၍ ဖြစ်ပါသည်။

 

သို့သော် ကမ္ဘာကြီး ပူနွေးလာမှုကို သူတို့လည်း ကြောက်ရွ့ံကြမည်သာဖြစ်သည်။ သူတို့နိုင်ငံများ၏ ဖန်လုံအိမ် ဓါတ်ငွေ့ထုတ်လွှတ်မှုကို လျှော့မချလိုသော်လည်း ကမ္ဘာကြီး၏ အခြားနိုင်ငံများအနေနှင့် သူတို့နည်းတူ အပြိုင်အဆိုင် ထုတ်လွှတ်လာကြဖွယ်ရှိသည်ကို လက်ဦးအောင် တားဆီးရန်သာ ရှိပါတော့သည်။  ရာသီဥတုဆိုသည်မှာ နိုင်ငံအတိအကျ သီးခြားခြံခတ်ထားခြင်း မရှိပါ။ ထို့ကြောင့် ကာဗွန်ဓါတ်ငွေ့ ထုတ်လွှတ်မှု သုံညနီးပါးဖြစ်နေသော်လည်း လမ်းမပေါ် လက်သီးလက်မောင်း တန်းခြင်းမှာ ဒီမိုကရေစီဖြစ်သည်ဟု နားလည်ထားသော ဆင်းရဲတိုင်းပြည်များတွင် ကျောက်မီးသွေး အသုံးပြုမှုကို အသားကုန်ကန့် ကွက်ကြရန် လူသိများသူများအား ဟောပြောစေခြင်း၊ လမ်းပေါ်ချီတက်ပွဲများအတွက် ကမကထပြုခြင်းတို့ကို ဆောင်ရွက်ဖွယ်ရှိနေပါသည်။

 

ယခုအခါတွင် လူသားများ၏ အနာဂါတ်လောင်စာမှာ ရေဖြစ်ဖွယ်ရှိကြောင်း အရိပ်အမြွက်မျှ သိရှိလာကြပါပြီ။ ၄င်းအထိ အရောက်သွားရန် အလွန်အဆင့်မြင့်သော နည်းပညာလိုအပ်လျှက်ရှိသည်။

(((Reuters., 11 Nov 2021,” Countries, cities, carmakers commit to end fossil-fuel vehicles by 2040.” ကို #HtayOung, #OungMarine ဆီလျော်အောင် ကောက်နှုတ်ဘာသာပြန်ဆိုသည်။)))

#ဇီဝရုပ်ကြွင်းလောင်စာသုံး_ယာဉ်များအသုံးပြုခြင်းကို_၂၀၄၀-ခုနှစ်တွင် အဆုံးသတ်ကြရန် #ကာဗွန်ထုတ်လွှတ်မှု_လျှော့ချရန်နှင့်_ကမ္ဘာကြီးပူနွေးလာမှုကို_တားဆီးရာ၌_စိန်ခေါ်မှုများရှိနေ

..

https://www.reuters.com/business/cop/six-major-carmakers-agree-phase-out-fossil-fuel-vehicles-by-2040-uk-says-2021-11-10/

https://www.channelnewsasia.com/sustainability/china-and-us-unveil-surprise-climate-pact-cop26-summit-2305181

ဆက်စပ် သတင်းများ