သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အိုင်အက်စ် ထိပ်တန်းခေါင်းဆောင်တစ်ဦးကို စစ်ဆင်ရေးတစ်ခုအတွင်း အမေရိကန် စစ်တပ်က ပစ်ခတ်သတ်ဖြတ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၄ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 1.2k

အီရတ်နှင့်ဆီးရီးယားနိုင်ငံများအတွင်း အိုင်အက်စ်အဖွဲ့ဝင်နှင့်ထောက်ခံသူ ၅၀၀၀မှ၇၀၀၀ ကြားကျန်ရှိနေသေးဟုဆို

 

နိရဉ္စရာ၊  ဧပြီ ၄/၂၀၂၃ (နိုင်ငံတကာ)

 

ခါလစ်အာမက် အယ်လ် ဂျာဘိုရီ အမည်ရှိ အိုင်အက်စ် ထိပ်တန်းခေါင်းဆောင်တစ်ဦးကို တနင်္လာနေ့က စစ်ဆင်ရေးတစ်ခုအတွင်း အမေရိကန်တပ်များက ပစ်ခတ် သတ်ဖြတ်နိုင်ခဲ့ကြောင်း အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ထုတ်ပြန်ကြေညာသည်။

 

ခါလစ်အာမက် အယ်ဂျာဘိုရီ သည် ဥရောပအကြမ်းဖက်တိုက်ခိုက်မှုအများအပြားကို နောက်ကွယ်က စီမံပေးသူဖြစ်ပြီး အိုင်အက်စ်အဖွဲ့၏ ဖွဲ့စည်းပုံကို ရေးဆွဲခဲ့သူဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

 

ယခုကဲ့သို့ ထိပ်တန်းခေါင်းဆောင်တစ်ဦးကို သုတ်သင်နိုင်ခဲ့သည့်အတွက် အိုင်အက်စ်အဖွဲ့အင်အား ချိနဲ့သွားပြီဟု အမေရိကန်က မျှော်လင့်လျှက်ရှိသည်။

 

မည်သည့်နေရာတွင် ပစ်ခတ်တိုက်ခိုက်ခဲ့သည်ကို အတိအကျ ထုတ်ဖော်ခြင်း မရှိသော်လည်း အရပ်သားများ ထိခိုက်သေဆုံးမှု မရှိဟု အမေရိကန် ဗဟိုစစ်ဌာနချုပ် (CENTCOM) က ဆိုသည်။

 

အိုင်အက်စ်အကြမ်းဖက်အုပ်စု၏ ဩဇာလွှမ်းမိုးမှုမှာ ဆီးရီးယားရှိ နယ်မြေများမှ ၄င်းတို့အား မောင်းထုတ်ပြီးနောက်ပိုင်း ၂၀၁၉ ခုနှစ်မှစ၍ တဖြည်းဖြည်းမှေးမှိန်လာခဲ့သည်။

 

CENTCOM မှ အမေရိကန်ဗိုလ်ချုပ် မိုက်ကယ် ကူရီလာက အိုင်အက်စ်အဖွဲ့ အင်အား လျော့ကျသွားပြီဆိုသော်လည်း ဒေသတွင်း နှင့် ဥရောပအထိ အကြမ်းဖက်မှုများ လုပ်ဆောင်နေသေးသည်ဟု ဆိုသည်။

 

အယ်လ်ဂျာဘိုရီ သေဆုံးမှုမှာ ပြင်ပတွင် အကြမ်းဖက်တိုက်ခိုက်ရန် အဖွဲ့၏ စွမ်းဆောင်ရည်ကို ယာယီထိခိုက်သွားစေခဲ့သည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။

 

အိုင်အက်စ်အဖွဲ့ အင်အားအကောင်းဆုံးအချိန်၂၀၁၄ ခုနှစ်က ဆီးရီးယား နှင့် အီရတ်နိုင်ငံ အဓိကအစိတ်အပိုင်းများမှာ ၄င်းတို့၏ ထိန်းချုပ်မှုအောက်တွင် ရှိခဲ့သည်။ နောက်ပိုင်းတွင် နှစ်နိုင်ငံစလုံးမှ ပြန်လည်တိုက်ထုတ်မှုကို ခံခဲ့ရသည်။

 

လူပေါင်း ၁၃၀ သေဆုံးခဲ့ရသည့် ၂၀၁၅ခုနှစ် ပြင်သစ်နိုင်ငံ ပါရီဆင်ခြေဖုံးတိုက်ခိုက်မှုအပါအဝင် ဥရောပအကြမ်းဖက် တိုက်ခိုက်မှုအားလုံး အိုင်အက်စ်အဖွဲ့က လုပ်ဆောင်ခဲ့ကြောင်း မကြာမီနှစ်များက ၄င်းတို့ကိုယ်တိုင်ထုတ်ဖော်ကြေညာခဲ့သည်။

 

အီရတ်နှင့် ဆီးရီးယားအတွင်း အိုင်အက်စ်အဖွဲ့ဝင်နှင့် ထောက်ခံသူ ၅၀၀၀ မှ ၇၀၀၀ ကြား ရှိသည်ဟု ကုလသမဂ္ဂ၏ ဖေဖော်ဝါရီလ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

အမေရိကန်တပ်ဖွဲ့အင်အား ၉၀၀ နီးပါးသည် အိုင်အက်စ်အကြွင်းအကျန်များ နှိမ်နင်းရေး ညွန့်ပေါင်းတပ်ဖွဲ့၏ တစ်စိတ်တစ်ပိုင်းအဖြစ် ယခုချိန်ထိ ဆီးရီးယားတွင် စခန်းချလျှက်ရှိနေသည်။

NN-27

ref:Dhaka Tribune

ဆက်စပ် သတင်းများ