သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ဘာလီကမ်းခြေတွင် အရှည် ပေ ၅၀ နီးပါးရှိ ဝေလငါးကြီးတစ်ကောင် သောင်တင်သေဆုံးနေ


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 6.6k

နိရဉ္စရာ၊ ဧပြီ ၇/၂၀၂၃

 

အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီကျွန်းအရှေ့ဘက်ကမ်းခြေတစ်ခုတွင် အရှည် ပေ ၅၀ နီးပါးခန့်ရှိ ဝေလငါးကြီး တစ်ကောင် သောင်တင်သေဆုံးနေသည်ကို ဒေသခံများက တွေ့ရှိခဲ့ကြသည်။

 

ကမ္ဘာ့အကြီးဆုံး ဝေလငါးမျိုးဖြစ်သော (Sperm Whale) ဝေလငါးကြီးသည် ဧပြီ(၅)ရက်၊ ဗုဒ္ဓဟူးနေ့က ကမ်းခြေတွင် လာရောက်သောင်တင်နေသည်ကို ဒေသခံများက တွေ့ရှိခဲ့ပြီးနောက် ရေထဲသို့ ပြန်တွန်းချခဲ့ကြသည်။

 

သို့သော် ဝေလငါးကြီးသည် အနည်းငယ်ကြာ ရေကူးပြီးနောက် အခြားတစ်နေရာတွင် သိသာထင်ရှားသည့် ဒဏ်ရာတစ်စုံတရာ မတွေ့ရဘဲ သောင်တင်ပြီး သေဆုံးသွားခဲ့သည်။

 

Sperm Whale ဝေလငါးကြီး သေဆုံးရသည့်အကြောင်းရင်းကို သိရှိရန် အင်ဒိုနီးရှား တိရစ္ဆာန်ကျွမ်းကျင် ပညာရှင်များက ကြာသပတေးနေ့တွင် ခွဲစိတ်ကြည့်ရှုခဲ့ကြသည်။

 

" ဒီ ဝေလငါးကြီး ဘာ့ကြောင့်သေဆုံးသွားတာလဲဆိုတာကို ကျွန်တော်တို့ စစ်ဆေးကြည့်ရှုနေပါတယ်။ ရေထု ညစ်ညမ်းမှုကြောင့်လား၊ ပလတ်စတစ်ကြောင့်လားဆိုတာ သိပ္ပံနည်းကျ အဖြေတစ်ခုဖော်ထုတ်ဖို့ လိုပါတယ်" ဟု အင်ဒိုနီးရှား အဏ္ဏဝါ နှင့် ငါးလုပ်ငန်းအရာရှိ ပါမာနာ ယူဒီယာဆိုက ပြောကြားသည်။

 

ဝေလငါးကြီးအမျိုးအနွယ်ဖြစ်သော Sperm Whale ဝေလငါးများသည် နိုင်ငံတကာ သဘာဝထိန်းသိမ်းရေးသမဂ္ဂ ( International Union for Conservation of Nature ) ၏ မျိုးတုန်းပျောက်ကွယ်မှု အန္တရာယ်နှင့် ရင်ဆိုင်နေရသော ဝေလငါးမျိုးအဖြစ် သတ်မှတ်ခံထားရသော ဝေလငါးမျိုးဖြစ်သည်။

 

အင်ဒိုနီးရှား တိရစ္ဆာန်ဆရာဝန်များနှင့် ကျွမ်းကျင်သူများက အဆိုပါနေရာသို့ ရောက်ရှိလာပြီး ခွဲစိတ်စစ်ဆေးပြီးလျှင် ကျင်းတူးမြေမြှုပ်မည်ဟု သိရသည်။

 

" ကျွန်တော်တို့ ခွဲစိတ်စစ်ဆေးပြီးရင် ဒီနားမှပဲ မြေကျင်းတူပြီး မြှုပ်နှံဖို့ စီစဉ်ထားပါတယ်" ဟု မစ္စတာ ယူဒီယာက ဆိုသည်။

 

ဝေလငါးများသည် ၎င်းတို့ နာမကျန်းဖြစ်သည့်အခါ သို့မဟုတ် သေခါနီးအချိန်ရောက်လျှင် ကမ်းခြေသို့ ရောက်လာတတ်သည်ဟု ၎င်းက ဆိုသည်။

 

ဒေသခံများက ဝေလငါးကြီး၏ အစိတ်အပိုင်းများကို လာရောက်ခိုးယူလှီးဖြတ်ခြင်း မပြုနိုင်ရန် ရဲများက ဝေလငါးကြီး အနီးတစ်ဝိုက်ကို ကြိုးဖြင့်ကာရံ တားဆီးထားသည်။

 

 ၂၀၁၈ခုနှစ်က အင်ဒိုနီးရှားတွင် ဝေလငါးကြီးတစ်ကောင် သေဆုံးနေသည်ကို တွေ့ရှိခဲ့၍ ခွဲစိတ်စစ်ဆေးကြည့်ရှုရာ ဝမ်းဗိုက်အတွင်း ပလတ်စတစ်ခွက်ပေါင်း ၁၀၀ နှင့် ပလတ်စတစ်အိတ် ၂၅ အိတ်တွေ့ရှိခဲ့ရပြီးနောက် အင်ဒိုနီးရှားနိုင်ငံ၏ သမုဒ္ဒရာအမှိုက်စွန့်ပစ်မှုအပေါ် ဝေဖန်မှုမြင့်တက်ခဲ့သည်။

 

အင်ဒိုနီးရှားသည် ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံပြီးလျှင် သမုဒ္ဒရာအမှိုက်စွန့်ပစ်မှု ဒုတိယအများဆုံး နိုင်ငံဖြစ်သည်ဟု သိရှိရသည်။

 

NN- 27

 ref: AFP

ဆက်စပ် သတင်းများ