သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

လက်ဘနွန်တောင်ပိုင်းနှင့် ဂါဇာကမ်းမြောင်ကို အစ္စရေးစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၈ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.4k

နိရဉ္စရာ၊ ဧပြီ /၂၀၂၃ (နိုင်ငံတကာ)

 

အစ္စရေးစစ်တပ်သည် လက်ဘနွန်တောင်ပိုင်း နှင့် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းစစ်သွေးကြွ ဟားမာ့စ်တို့၏ ပစ်မှတ်များကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြသည်။

 

ပြီးခဲ့သည့်ကြာသပတေးနေ့က အစ္စရေးမြောက်ပိုင်းသို့ လက်ဘနွန်မှတစ်ဆင့် ဟားမာ့စ်အဖွဲ့က ဒုံးကျည် ၃၄ လုံး ပစ်ခတ်ခဲ့သည်ကို လက်တုံ့ပြန်သည့်အနေနှင့် ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်ရခြင်းဖြစ်ကြောင်း အစ္စရေးစစ်တပ်က ဆိုသည်။

 

လေကြောင်းမှ တိုက်ခိုက်ပြီးနောက် ဂါဇာရှိစစ်သွေးကြွများက ဒုံးကျည်များဖြင့် ထပ်မံပစ်ခတ်ခဲ့သည်။

 

ယခုအပတ်စောစောပိုင်းက အစ္စရေးရဲတပ်ဖွဲ့ဝင်များက ဂျေရုဆလင်ရှိ အယ်လ်အက်ဆာ ဗလီကို နှစ်ညဆက်တိုက် ဝင်ရောက်စီးနင်းခဲ့ပြီးနောက် နှစ်ဖက်တင်းမာမှု မြင့်တက်နေခဲ့သည်။

 

ထိုသို့ ဝင်ရောက်စီးနင်းမှုကြောင့် ဗလီအတွင်း ပါလက်စတိုင်းများနှင့် ထိပ်တိုက်တွေ့ခဲ့ကြသည်။

 

အဆိုပါ ဗလီမှာ အစ္စလာမ်ဘာသာဝင်တို့၏ တတိယမြောက် အထွတ်အမြတ်နေရာဖြစ်ပြီး ဒေသတွင်း ဒေါသပေါက်ကွဲမှုကို ဖြစ်စေခဲ့သည်။

 

ဟားမာ့စ်အုပ်စုက လက်ဘနွန်မှတစ်ဆင့် ဒုံးကျည်ဖြင့် ၄င်းတို့ ပစ်ခတ်ခဲ့ခြင်းမရှိဟု ဆိုသည်။ သို့သော် ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယေးက အစ္စရေးတို့ ယခုလိုအနိုင်ကျင့်ရက်စက်နေစဉ် ပါလက်စတိုင်းတို့ လက်ပိုက်ပြီး ငြိမ်မနေသင့်ဟု ပြောကြားခဲ့သည်။

 

ညတွင်းချင်းပင် လက်ဘနွန်တောင်ပိုင်းမြို့ တိုင်ယာ မှ သုံးမိုင်အကွာရှိ ပါလက်စတိုင်း ဒုက္ခသည်စခန်း ဝန်းကျင်တွင် ပေါက်ကွဲမှု နှစ်ကြိမ်၊ သုံးကြိမ်ခန့်ဖြစ်ပေါ်ခဲ့သည်။

 

အစ္စရေးတိုက်လေယာဉ်များသည် ဟားမားစ်အကြမ်းဖက်သမားများ၏ အဆောက်အဦးများကို ပစ်ခတ်တိုက်ခိုက်ခဲ့သည်ဟု အစ္စရေးကာကွယ်ရေးတပ်၏ တွစ်တာတွင် ဖော်ပြထားသည်။

 

ဂါဇာဒေသတွင်လည်း ဟားမာ့စ်တို့၏ ပစ်မှတ် (၁၀)ခုကျော်ကို ပစ်ခတ်ခဲ့ကြောင်း၊ ၄င်းတို့ထဲတွင် မြေအောက်လက်နက်စက်ရုံတစ်ခု နှင့် လက်နက်အလုပ်ရုံ သုံးခုပါဝင်သည်ဟု အစ္စရေးစစ်တပ်က ဆိုသည်။

 

ထိုသို့တိုက်ခိုက်စဉ် ဂါဇာဒေသမှ အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည် ၄၄ လုံး ပြန်လည်ပစ်ခတ်ခဲ့ကြောင်း နှင့် ၄င်းဒုံးကျည်များကို အစ္စရေးတို့၏ သံမဏိအုပ်ဆောင်း( Iron Dome ) ကာကွယ်ရေးစနစ်က ကြားဖြတ်ဟန့်တားနိုင်ခဲ့သည်။

 

NN-27

ref: bbcWorld

ဆက်စပ် သတင်းများ