သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

တရုတ်က ထိုင်ဝမ်ကို ကျူးကျော်တိုက်ခိုက်မည့်ပုံသဏ္ဍာန် စစ်ရေးလေ့ကျင့်မှုများပြုလုပ်


  • ရေးသူ: Web Master
  • | ရက်စွဲ: ၀၉ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 2.3k

နိရဉ္စရာ၊ ဧပြီ ၉/ ၂၀၂၃ (နိုင်ငံတကာ)

 

တရုတ်နိုင်ငံသည် ထိုင်ဝမ်ကျွန်းပတ်ပတ်လည်တွင် သုံးရက်ကြာ စစ်ရေးလေ့ကျင့်မှုပြုလုပ်လျှက်ရှိရာ စစ်ရေးလေ့ကျင့်မှု ဒုတိယနေ့အတွင် လေတပ်၊ ရေတပ် နှင့် မြေပြင်တပ်များပါဝင်ပြီး ထိုင်ဝမ်ကျွန်းအား စစ်ရေးအရ ဝင်ရောက်တိုက်မည့်ပုံသဏ္ဍာန် စစ်ရေးလေ့ကျင့်ခဲ့ကြောင်း သိရှိရသည်။

တရုတ်လေတပ်တိုက်လေယာဉ်များနှင့် စစ်ရေယာဉ်များသည် ထိုင်ဝမ်ကျွန်းကို ပတ်၍ လှည့်လည်ခဲ့ပြီး စစ်ရေးအရ တိုက်ခိုက်မည့်ပုံသဏ္ဍာန် လေ့ကျင့်ခဲ့ကြသည်။ ယခုကဲ့သို စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်က အပြင်းအထန်ကန့်ကွက်ခဲ့ပြီး အမေရိကန်က တရုတ်အနေနှင့် လက်ရှောင်နေရန် တိုက်တွန်းခဲ့သည်။

 

ပူးပေါင်းဓါး(Joint Sword) ဟု အမည်ပေးထားသည့် တရုတ်တို့၏ စစ်ရေးလေ့ကျင့်မှုကို တနင်္လာနေ့အထိ ဆက်လက်ပြုလုပ်မည်ဟု တရုတ်လွတ်မြောက်ရေးတပ်မတော်( PLA) က ဆိုသည်။

 

 " ကျွန်တော် နည်းနည်းစိုးရိမ်ပါတယ်။ မစိုးရိမ်ဘူးလို့ပြောရင် ကျွန်တော်လိမ်ရာ ကျပါမယ်"

 

" တကယ်လို့ စစ်သာ ဖြစ်ခဲ့ရင် နှစ်ဖက်စလုံးအသေအပျောက်များမှာကို စိုးရိမ်နေမိတယ်" ဟု ဒေါ်နယ် ဟို ဟု အမည်ရသည့် အသက်(၇၃)နှစ်အရွယ် ထိုင်ပေမြို့ ပန်းခြံအတွင်း နံနက်ခင်း လေ့ကျင့်ခန်း ပြုလုပ်နေသော ထိုင်ဝမ်နိုင်ငံသားတစ်ဦးက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

 

 တရုတ်နိုင်ငံပိုင်သတင်းဌာန CCTV က ယနေ့ထုတ်ပြန်သည့်ကြေညာချက်တွင် " ထိုင်ဝမ်ကျွန်းပေါ်ရှိ စစ်ရေးပစ်မှတ်များနှင့် အနီးဝန်းကျင် ရေပြင်ပေါ်ရှိပစ်မှတ်များကို ချိန်ရွယ်ကာ ပူးပေါင်းလေ့ကျင့်ခဲ့ပြီး တပ်ဖွဲ့များက ထိုင်ဝမ်ကျွန်းကို အနီးကပ်ဝိုင်းပတ်ထားသည့်ပုံစံ ဆက်လက်လုပ်ဆောင်ခဲ့သည်"ဟု ဖော်ပြခဲ့သည်။

 

" လေတပ်က ပစ်မှတ်လေကြောင်းပိုင်နက် အတွင်းသို့ တိုက်လေယာဉ်မျိုးစုံ ဒါဇင်ချီ စေလွှတ်ခဲ့ပြီး မြေပြင်တပ်များကလည်း ပစ်မှတ်မျိုးစုံကို တိကျစွာ ပစ်ခတ်လေ့ကျင့်ခဲ့သည်" ဟု ဖော်ပြခဲ့သည်။

 

စစ်ရေးလေ့ကျင့်မှုကို ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က ချက်ချင်းပြစ်တင် ရှုတ်ချခဲ့ပြီး အာဏာရှင်တို့၏ နယ်ချဲ့ဝါဒကို အမေရိကန်နှင့်တကွ ဆန္ဒတူသောနိုင်ငံများနှင့် ပူးပေါင်းကာကွယ်သွားမည်ဟု ပြောဆိုလိုက်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်က အမေရိကန်အနေနှင့် တရုတ်နိုင်ငံအား လက်ရှောင်နေရန် အမြဲတိုက်တွန်းနေကြောင်း၊ အကယ်၍ အခြေအနေပြောင်းလဲလာခဲ့လျှင်လည်း အာရှနိုင်ငံများကို ပေးထားသည့်ကတိကဝတ်အတိုင်း လုံလောက်သည့် အရင်းအမြစ်များ အသင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

 

အမေရိကန်က ထိုင်ဝမ်အား အကာအကွယ်ပေးရေး နည်းလမ်းများစွာ ရှိနေသော်လည်း စစ်ရေးအရ အကာအကွယ်ပေးမည် မပေးမည်အတိအကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

 

အမေရိကန်သည် ထိုင်ဝမ်၏ မိမိကိုယ်မိမိ ကာကွယ်ရေးမူဝါဒကို အားပေးကူညီသည့်အနေဖြင့် ဆယ်စုနှစ်များစွာ စစ်လက်နက်များ ရောင်းချပေးနေခဲ့သည်။

 

တနင်္လာနေ့တွင် ဆက်လက်ပြုလုပ်မည့် စစ်ရေးလေ့ကျင့်မှုတွင် ထိုင်ဝမ် မတ်ဆုကျွန်းမှ မိုင် ၅၀ သာကွာဝေးသော တရုတ် ဖူကျန်းကျွန်းပေါ်မှ ကျည်အစစ်ဖြင့် ပစ်ခတ်လေ့ကျင့်မှု ပါဝင်မည်ဟု သိရသည်။

NN-27

ref: AFP/The daily star

Photo- Internet

ဆက်စပ် သတင်းများ