သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

ရည်းစားဟောင်း တရုတ်အမျိုးသားအား ပြန်ပေးဆွဲကာ ဘတ် ၃.၉၃ သန်း ပြန်ပေးငွေ တောင်းယူခဲ့သည့် ထိုင်းအလှမယ် အပါအဝင် ခြောက်ဦးအား ထိုင်းရဲများက ဖမ်းဆီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၁၈ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 5.7k

နိရဉ္စရာ၊ ဧပြီ ၁၈/၂၀၂၃ (နိုင်ငံတကာ)

 

ရည်းစားဟောင်း တရုတ်အမျိုးသားအား ဖမ်းဆီးပြန်ပေးဆွဲကာ ဘတ် ၃.၉၃ သန်း ပြန်ပေးငွေ တောင်းယူခဲ့သည့် ထိုင်းအလှမယ်ဟောင်းတစ်ဦးအပါအဝင် တရားခံ (၆)ဦးကို ထိုင်းရဲများက တနင်္လာနေ့တွင် ဖမ်းဆီးလိုက်သည်။

 

ပြန်ပေးဆွဲမှုကို ထိုင်းအလှမယ်ဟောင်းနှင့် သူမ​၏ ချစ်သူ ထိုင်းအမျိုးသားတို့က အကွက်ချ ကြံစည်ခဲ့ကြခြင်းဖြစ်သည်ဟု ဆိုသည်။

 

ထိုင်းအလှမယ်ဟောင်း​၏ ချစ်သူမှာ အလုပ်အကိုင်မရှိဘဲ လောင်းကစားကြွေး နွံနစ်နေသူတစ်ဦးဟု သိရှိရသည်။ အမျိုးသား လေးဦး၊ အမျိုးသမီး နှစ်ဦး ပါဝင်သော အဆိုပါ အဖွဲ့ကို ဘန်ကောက်၊ ပရာချပ် ခီရီခန်၊ ပထုံထာနီ ပြည်နယ်များတွင် တနင်္လာနေ့က သီးခြားစီ ဖမ်းဆီးနိုင်ခဲ့ကြောင်း ထိုင်းရဲများက ဆိုသည်။

 

ပြီးခဲ့သည့် ဧပြီလ(၁၅)ရက်နေ့က တရုတ်အမျိုးသား ယုကြည်(၃၀နှစ်) သည် ဘန်ကောက်မြို့ လုမ္ပဏီ ရဲစခန်းသို့ လာရောက်ပြီး သူ​၏ မိတ်ဆွေ ဝမ် နန်ဖန်း(၃၃နှစ်)မှာ လုမ္ပဏီ ကွန်ဒိုအခန်းမှ လူတစ်စု​၏ ဖမ်းဆီးခေါ်ဆောင်ခြင်းခံရကြောင်း တိုင်ချက်ဖွင့်ရာမှ ယခုကဲ့သို့ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

 

တရားခံများမှာ ထိုင်းအလှမယ်ဟောင်း ပက်ချလာဒါ (၂၄နှစ်)နှင့် သူ​၏ ချစ်သူ ထိုင်းအမျိုးသား ဆူပါဖွန်(၂၄နှစ်) နတ်ထာဖတ် (၂၇နှစ်)  နတ်ထာပေါင်(၂၄နှစ်)မစ္စ ဆာရီတာ ဒွန်မောင် (၂၈နှစ်) နှင့် ဂျိုးဟု အမည်ရသော အသက် ၃၅-၄၀ ခန့်ရှိအမျိုးသားတစ်ဦးတို့ဖြစ်ကြသည်။

 

 နမ်ပက်ချ် ဟု ထင်ရှားသည် ပက်ချလာဒါ သည် ၂၀၂၀ မစ္စ ဂရန်းဆူဖန်ဘူရီ အလှမယ်ပြိုင်ပွဲဝင် တစ်ဦးဖြစ်ပြီး ပြန်ပေးဆွဲခံရသူ တရုတ်အမျိုးသား​၏ ရည်းစားဟောင်းဖြစ်သည်။

 

 ထိုင်းရဲများက ၎င်းတို့အား ပြန်ပေးဆွဲမှု၊ ကိုယ်ထိလက်ရောက် နာကျင်စေမှု၊ ငွေညှစ်မှု၊ တရားမဝင် ဖမ်းဆီးထားမှုတို့ဖြင့် ကနဦး တရားစွဲဆိုခဲ့သည်။

 

လုမ္ပဏီရဲစခန်းမှ ရဲမှူးကြီး နီမစ် နူဖိုထောင်က ၎င်းတို့ ခြောက်ဦးအား ဓါးပြမှု၊ ကွန်ပျူတာရာဇဝတ်မှု တို့ဖြင့် ထပ်မံ တရားစွဲဆိုထားသည်ဟု ဆိုသည်။

 

အင်္ဂါနေ့က တရားခံ မစ္စတာ နတ်ထာဖက်အား ဘန်ကောက်တောင်ပိုင်း တရားရုံးသို့ ခေါ်ဆောင်လာပြီး ၁၂ ရက် ဖမ်းဆီးချုပ်နှောင်ခွင့် ရယူခဲ့သည်။ ကျန် ငါးဦးကိုမူ ဆက်လက် စစ်ဆေးနေဆဲဖြစ်သည်။

 

တရုတ်အမျိုးသား ယုကြည်​၏ တိုင်တန်းချက်အရ သူ​၏ သူငယ်ချင်း မစ္စတာ ဝမ် နှင့် ဆက်သွယ်၍ မရဘဲ ဖြစ်နေကြောင်း၊ ထို့နောက် သူငယ်ချင်းဖြစ်သူက သူ့ကို ဗီဒီယိုကောလ် ခေါ်ခဲ့ကြောင်း၊ ရဲ ကို သွားရောက် မတိုင်ရန်၊ သူ့ကို ဖမ်းဆီးထားသူများ တောင်းသည့် ပြန်ပေးငွေ ပေးပြီးပါက သူ လွတ်မြောက်မည်ဖြစ်ကြောင်း ပြောပြသည်။

 

သို့သော် မစ္စတာ ယုကြည်က သူ​၏ သူငယ်ချင်း မျက်နှာတွင် ထိုးကြိတ်ခံထားရသည့် ဒဏ်ရာများ တွေ့ရှိပြီး အသတ်ခံရမည်ကို စိုးရိမ်သဖြင့် ရဲစခန်းသို့ သွားရောက်တိုင်ကြားခဲ့သည်။ ရဲများ​၏ စစ်ဆေးချက်အရ မစ္စတာ ဝမ်တွင် ရည်းစားဟောင်း ထိုင်းအမျိုးသမီးတစ်ဦးရှိခဲ့ပြီး ထိုသူမှာ အလှမယ် မစ္စ ပက်ချလာဒါ ဖြစ်နေသည်။

 

မစ္စတာ ဝမ် နှင့် ပက်ချလာဒါတို့ တစ်နှစ်ကျော် ချစ်သူရည်းစားဖြစ်ခဲ့ကြပြီး လွန်ခဲ့သည့် သုံးလက ပြတ်စဲသွားခဲ့သည်။

 

အလှမယ် ပက်ချလာဒါက တရုတ်အမျိုးသား မစ္စတာ ဝမ်သည် အလွန်ချမ်းသာကြွယ်ဝသူတစ်ဦးဖြစ်ပြီး " ရာဇဝတ်မှုမကင်းသော စီးပွားရေးလုပ်ငန်း" လုပ်ကိုင်နေသည်ကို သိရှိထားသည်။ တရုတ်နိုင်ငံက တရားခံပြေးအဖြစ် အလိုရှိနေသော မစ္စတာ ဝမ် အား ဖမ်းဆီးပြီး ပြန်ပေးငွေ တောင်းလျှင် သူ့အနေဖြင့် ရဲစခန်းသို့ တိုင်ကြားရဲမည်မဟုတ်ဟု ပက်ချလာဒါ ယုံကြည်သည်။ ထို့ကြောင့် သူမ​၏ ချစ်သူ ထိုင်းအမျိုးသား မစ္စတာ ဆူပါဖွန် နှင့် တိုင်ပင်ပြီး ဝမ်အား ဖမ်းဆီးပြန်ပေးဆွဲကာ ငွေညှစ်ခဲ့ခြင်းဖြစ်သည်။

 

ဆူပါဖွန်နှင့် အခြားအမျိုးသားနှစ်ဦးတို့သည် မစ္စတာဝမ် နေသော ကွန်ဒိုမီနီယံ အခန်းသို့ မစ္စ ပက်ချလာဒါ ပေးထားသည့် သော့ကဒ် ဖြင့် ဝင်ရောက်ကာ မစ္စတာဝမ်​၏ လက် နှင့် ခြေထောက်ကို ကြိုးတုပ်ပြီး ပလတ်စတစ် သေတ္တာ တစ်ခုတွင်း ထည့်သွင်းခဲ့ကြသည်။

 

ထိုပလတ်စတစ် သေတ္တာကို ကားပေါ်တင်ပြီး ပရာချတ် ခီရီ ခန်ပြည်နယ် ဟွာဟင်း သို့ မောင်းနှင်ခဲ့ကြသည်။ မစ္စတာ ယုကြည်ထံသို့ ဗီဒီယိုကောလ် မခေါ်ဆိုမီ မစ္စတာဝမ်အား ထိုင်းအမျိုးသား သုံးဦးက ထိုးကြိတ်ခဲ့ကြပြီး ဘတ်ငွေ ၃ ဒဿမ ၉၃ သန်းကို ၎င်းတို့​၏ မိတ်ဆွေ နတ်ထာဖတ် နှင့် မစ္စ ဆာရီတာ တို့​၏ ဘဏ်စာရင်းထဲ လွှဲပြောင်းပေးရန် တောင်းဆိုခဲ့ကြသည်။

 

ပြန်ပေးငွေ လွှဲပြောင်းပေးအပ်ပြီးနောက် မစ္စတာ ဝမ်အား ဟွာဟင်းမြို့ စားသောက်ဆိုင်တစ်ခုတွင် ပြန်လွှတ်ပေးခဲ့ကြသည်။

 

အစောပိုင်း သတင်းများအရ စားသောက်ဆိုင်တွင် ဝမ် နှင့် ပြန်ပေးဆွဲသူတို့ အော်ကြီးဟစ်ကျယ် စကားများကြရာမှ ရဲများ ရောက်ရှိလာပြီး မစ္စတာ နတ်ထာဖတ် နှင့် နတ်ထာဖွန် တို့ကို ပထမ ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

 

တနင်္လာနေ့ ညကမူ မစ္စတာ ဆူပါဖွန် နှင့် သူ​၏ချစ်သူ ထိုင်းအလှမယ်ဟောင်း နမ်ပက် တို့ကို ဘန်ကောက်မြို့ သောင်လာ နယ်မြေရှိ အခန်းတစ်ခုတွင် ဖမ်းဆီးနိုင်ခဲ့ကြသည်။

 

ရဲများသည် အလှမယ်ဟောင်း ပက်ချလာဒါအား မစ္စတာဝမ်က ပေးထားသည့် BMW ကားတစ်စီးကိုပါ ထိန်းသိမ်းထားလိုက်သည်။ ထိုင်းမီဒီယာများ​၏ သတင်းများအရ အလှမယ်ဟောင်း မစ္စ ပက်ချလာဒါ သည် နောက်ပိုင်းတွင် မိုဒယ် နှင့် အိမ်ခြံမြေအေးဂျင့်အဖြစ် အသက်မွေးဝမ်းကျောင်းပြုခဲ့သည်ဟုသိရသည်။

 

 ရဲများ​၏ စစ်ဆေးမေးမြန်းချက်များအရ အလှမယ် ပက်ချလာဒါ အား ရည်းစားဟောင်း တရုတ်မျိုးသား မစ္စတာဝမ် က တစ်လလျှင် ဘတ် (၁၀၀၀၀၀) ထောက်ပံ့ထားသည်ဟု သိရသည်။

 

ပက်ချလာဒါ​၏ ချစ်သူ ထိုင်းအမျိုးသားမှာ အလုပ်လက်မဲ့တစ်ဦးဖြစ်ပြီး လောင်းကစား နှစ်သက်သူဖြစ်သည်။ သတင်းများအရ သူမ နှင့် ချစ်သူအမျိုးသားတို့သည် ပြန်ပေးငွေ ဘတ် ၁.၆ သန်း ခွဲဝေရယူခဲ့ကြသည်ဟု သိရှိရသည်။

 

NN- 27

 ref: Bangkok Post

ဆက်စပ် သတင်းများ