သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

အီလွန်မတ်စ် ၏ မျိုးဆက်သစ် Starship အာကာသယာဉ် ဒုံးပစ်စင်မှ လွှတ်တင်ပြီး လေးမိနစ်အတွင်း ပေါက်ကွဲပျက်စီး


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၁ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 4.2k

နိရဉ္စရာ၊ ဧပြီ ၂၁/၂၀၂၃ (နိုင်ငံတကာနည်းပညာ)

 

အမေရိကန် စီးပွားရေးလုပ်ငန်းရှင် အီလွန်မတ်စ် ပိုင်ဆိုင်သော Space X ​​၏ လူလိုက်ပါခြင်းမရှိသည့် မျိုးဆက်သစ် Starship အာကာသယာဉ် စမ်းသပ်ပစ်လွှတ်ရေးအစီအစဉ်မှာ မျှော်လင့်ထားသလို အောင်မြင်မှု မရှိဘဲ ပစ်လွှတ်ပြီး လေးမိနစ်အကြာတွင် ပေါက်ကွဲပျက်စီးသွားသည်ဟု သိရှိရသည်။

 

ပြီးခဲ့သည့် တနင်္လာနေ့ကတည်းက ပစ်လွှတ်ရန် စီစဉ်ထားပြီး ဖိအားအဆို့ရှင်အေးခဲမှုကြောင့် ရွှေ့ဆိုင်းခဲ့ရသည့် Starship အာကာသယာဉ် ပစ်လွှတ်ရေးအစီအစဉ်ကို ယမန်နေ့(ဧပြီ-၂၀)နံနက်ပိုင်းတွင် တက္ကဆက်ပြည်နယ်ရှိ Starbase Spaceport ဒုံးပျံပစ်စင်၌ ပြုလုပ်ခဲ့သည်။

 

ပေပေါင်း ၃၉၀ ကျော်မြင့်မားပြီး တည်ဆောက်ပြီးခဲ့သမျှ အာကာသဒုံးပျံများအနက် အကြီးမားဆုံး Super Heavy Rocket သည် ထိပ်ပိုင်းတွင် မျိုးဆက်သစ် Starship အာကာသယာဉ်နှင့် ချိတ်ဆက်လျှက် ကြာသပတေးနေ့ နံနက်ပိုင်းက တက္ကဆက်ပြည်နယ် ဒုံးပျံပစ်စင်မှ ပထမအဆင့်ကို အောင်မြင်စွာ ပစ်လွှတ်နိုင်ခဲ့သော်လည်း ဒုတိယအဆင့်ဖြစ်သည့် အာကာသယာဉ် နှင့် တွန်းအားမြှင့်ဒုံးပျံတို့ ခွဲထွက်ရာတွင် အောင်မြင်ခြင်းမရှိဘဲ ပစ်လွှတ်ပြီး လေးမိနစ်အကြာတွင် ပေါက်ကွဲ မီးလောင်ပျက်စီးသွားခဲ့သည်။

 

လူလိုက်ပါခြင်းမရှိသည့် မျိုးဆက်သစ် Starship အာကာသယာဉ် စမ်းသပ်ပစ်လွှတ်မှု အစီအစဉ်အရ အာကာသယာဉ်သည် မိနစ် (၉၀)ကြာ ကမ္ဘာတစ်ပတ် ပတ်ပြီးပါက မက္ကဆီကို ကမ်းခြေ ပစိဖိတ်သမုဒ္ဒရာအတွင်း ပြန်လည်ဆင်းသက်ရန် ဖြစ်သည်။

 

စမ်းသပ်ပစ်လွှတ်မှု အောင်မြင်မှု မရသော်လည်း အီလွန်မတ်စ်က သူ​၏ အဖွဲ့သားများကို ချီးကျူးလိုက်ပြီး လာမည့် လအနည်းငယ်အတွင်း ထပ်မံစမ်းသပ်ဦးမည်ဟု ဆိုသည်။

NN-27

Ref: Strait Time

 

ဆက်စပ် သတင်းများ