သောကြာ၊ စက်တင်ဘာလ ၂၀ရက်၊ ၂၀၂၄

“စကားပြောခြင်း နှင့် တွေ့ဆုံဆွေးနွေးခြင်းသည် စစ်ပွဲ၏ တစ်ခုတည်းသော ထွက်ပေါက်” ဟု တရုတ်သမ္မတ ရှီကျင့်ဖျင် ပြောဆို


  • ရေးသူ: Web Master
  • | ရက်စွဲ: ၂၇ ဧပြီ ၂၀၂၃
  • | ကြည့်ရှုသူ: 831

ရှီကျင့်ဖျင် နှင့် ယူကရိန်းသမ္မတ ဇီလန်းစကီးတို့ ပထမဦးဆုံးအကြိမ် ဖုန်းဆက် တွေ့ဆုံ

ဧပြီ ၂၇/၂၀၂၃

 

တရုတ်သမ္မတ ရှီကျင့်ဖျင် နှင့် ယူကရိန်းသမ္မတ ဇီလန်းစကီးတို့ ဧပြီလ(၂၆)ရက်က ပထမဦးဆုံးအကြိမ် ဖုန်းဆက်စကားပြောခဲ့ကြသည်။

 

ယူကရိန်းအား ရုရှားက စတင်ကျူးကျော်ခဲ့ချိန်မှ စ၍ ယခုဖုန်းဆက်တွေ့ဆုံမှုသည် ပထမဦးဆုံးအကြိမ်ဖြစ်သည်။

 

တရုတ်နိုင်ငံသည် ယူကရိန်းအရေးတွင် ကြားနေ အဖြစ်ရပ်တည်ပြီး ငြိမ်းချမ်းသောနည်းလမ်းဖြင့် ပဋိပက္ခကို ဖြေရှင်းရန် အစဉ်တိုက်တွန်းခဲ့သည်။

 

တရုတ်သည် ရုရှား၏ ယူကရိန်းကျူးကျော်မှုကို ပြစ်တင်ရှုတ်ချခြင်းလည်း မရှိခဲ့ပေ။

 

 ပြီးခဲ့သည့် ဧပြီလဆန်းကတည်းက ရှီကျင့်ဖျင်က ဇီလန်းစကီး နှင့် တွေ့ဆုံလိုသည်ဟု ပြောကြားခဲ့သလို ဇီလန်းစကီးကလည်း ငြိမ်းချမ်းရေးအတွက် ရှီကျင့်ဖျင်အား တွေ့ဆုံလိုသည်ဟု ဆိုနေခဲ့သည်။

 

တယ်လီဖုန်းဖြင့် တစ်နာရီကြာ စကားပြောဆိုခဲ့ကြစဉ် ရှီကျင့်ဖျင်က ရုရှား နှင့် ယူကရိန်း နှစ်နိုင်ငံကြား တွေ့ဆုံညှိနှိုင်းဆွေးနွေးကြရန် တိုက်တွန်းခဲ့ပြီး စကားပြောခြင်း နှင့် တွေ့ဆုံဆွေးနွေးခြင်းသည်သာ စစ်ပွဲတစ်ပွဲ၏ ထွက်ပေါက် ဖြစ်သည်ဟု ပြောကြားခဲ့သည်။

 

ယူကရိန်း အကျပ်အတည်းမှာ တရုတ်နိုင်ငံဟာ ငြိမ်းချမ်းရေးဘက်မှာ အမြဲ ရပ်တည်နေပြီး ငြိမ်းချမ်းရေးစကားပြောကြဖို့ တိုက်တွန်းတဲ့ဘက်မှာ အမြဲရှိနေတယ်ဟု ရှီကျင့်ဖျင်၏ ပြောဆိုချက်ကို နိုင်ငံပိုင် CCTV သတင်းဌာနက ကြေညာသွားခဲ့သည်။

 

 ရှီကျင့်ဖျင်က ရုရှားနှင့် ယူကရိန်းကြား ဖြစ်ပေါ်နေသည့် ပဋိပက္ခဖြေရှင်းရေး နိုင်ငံရေး သဘောတူညီချက် ချမှတ်နိုင်ရန် တရုတ်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ကို ယူကရိန်းသို့ စေလွှတ်ပေးမည်ဟုလည်း ဆိုသည်။

 

ယခုတွေ့ဆုံမှုကို ယူကရိန်းသမ္မတ ဇီလန်းစကီးကလည်း ကျေနပ်မှုရှိပြီး တရုတ်နိုင်ငံနှင့် ယူကရိန်းနိုင်ငံကြား သံတမန်ဆက်သွယ်မှု ပြန်လည်ထူထောင်နိုင်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး ကောင်းမွန်နေသည်ဟု တွစ်တာပေါ်တွင် ရေးသားခဲ့သည်။

 

ယူကရိန်းအရေးတွင် ငြိမ်းချမ်းရေး အကျိုးဆောင်အဖြစ် တရုတ်နိုင်ငံက ပါဝင်လာသည်ကို အီးယူနိုင်ငံများကလည်း ကြိုဆိုကြသည်။

 

တရုတ်သည် ဆော်ဒီအာရေဗျ နှင့် အီရန် နှစ်နိုင်ငံကြားဆက်ဆံရေး ပုံမှန်ပြန်ဖြစ်ရန် ပြီးခဲ့သည့် လအတွင်းက ကြားဝင် ဆောင်ရွက်ပေးခဲ့ပြီး အောင်မြင်မှု ရရှိခဲ့သည်။

NN-27

 ref:CAN

ဆက်စပ် သတင်းများ