- Web Master
- ၀၈ ဧပြီ ၂၀၂၄
“လူနေတိုက်ခန်းများထိမှန်ပြီး ၂၅ဦး သေဆုံး”
ဧပြီ ၂၉/၂၀၂၃
ရုရှားနိုင်ငံက နှစ်လအတွင်း အကြီးမားဆုံး တိုက်ခိုက်မှုအဖြစ် ယူကရိန်းနိုင်ငံမြို့ကြီးများကို ဧပြီလ ၂၈ရက် နံနက်စောစောပိုင်းက ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ယူကရိန်းပြည်သူ အနည်းဆုံး၂၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။
ယူကရိန်းအလယ်ပိုင်းရှိ အူမန်မြို့ လူနေတိုက်တာများ ရုရှားဒုံးကျည်ထိမှန်ခံရပြီး မီးသတ်သမားများက မီးငြိမ်းသတ်နေရသလို ကယ်ဆယ်ရေးလုပ်သားများကလည်း ပြိုကျနေသောအဆောက်အဦးကြား အသက်ရှင်ကျန်နေသူနှင့်အလောင်းများရှာဖွေနေခဲ့ရသည်။
တာဝန်ရှိသူများ၏ ပြောကြားချက်အရ ခန့်မှန်းလူပေါင်း ၁၀၉ ဦးနေထိုင်သည့် လူနေအဆောက်အဦးကို ဒုံးကျည်ထိမှန်ပြီးနောက် တိုက်ခန်း ၂၇ ခန်းပြိုကျပြီး ကလေးငယ် လေးဦးအပါအဝင် ၂၃ ဦး သေဆုံးခဲ့သည်ဟုဆိုသည်။
“ ကျနော့်အိမ်နီးချင်းတွေ အားလုံး သေသွားတယ်။ ကိုးထပ်မှာနေတဲ့ အဖွားကြီးတစ်ဦး၊ သူ့သမီး နဲ့ မြေး နှစ်ယောက်စလုံး မရှိတော့ဘူး။ ရှစ်ထပ်မှာနေတဲ့ လူကြီးတစ်ယောက်နဲ့ သူ့သားလည်း ပါသွားတယ်။ ခုနှစ်ထပ်က အမျိုးသမီးကြီးနဲ့ သူ့သားလည်း မရှိတော့ဘူး” ဟု လူဗစ်စကီးဆိုသူ အသက်၅၈ နှစ်အရွယ် တိုက်ခန်းနေသူတစ်ဦးက ပြောကြားသည်။
တောင်ပိုင်း ဒီနီပရိုမြို့တွင်လည်း ရုရှားဒုံးကျည်ကြောင့် ၂ နှစ်အရွယ်ကလေးငယ်တစ်ဦးနှင့် ၃၁ နှသ်အရွယ်အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။
ယူကရိန်းအာဏာပိုင်များ ထုတ်ပြန်သော ဗီဒီယိုတွင် လူနေအဆောက်အအုံတစ်ခုအတွင်း ဒုံးကျည်ကျရောက်မှုကြောင့် မဲမှောင်နေသော အပေါက်ကြီးတစ်ခုကို မြင်တွေ့ရသည်။
ရုရှားနိုင်ငံ ယခုတိုက်ခိုက်မှုမှာ ယူကရိန်းအရန်တပ်များ ခိုအောင်းနေသည့်နေရာကို အဓိကပစ်မှတ်ထားခြင်းဖြစ်ပြီး အောင်မြင်မှု ရရှိခဲ့သည်ဟု ဆိုသည်။
NN-27
ref: Reuters