- Web Master
- ၀၈ ဧပြီ ၂၀၂၄
နိရဉ္စရာ၊ မေ ၂/၂၀၂၃ ( နိုင်ငံတကာ)
အိုင်အက်စ်ခေါင်းဆောင်ကို ဆီးရီးယားနိုင်ငံအတွင်း တူရကီထောက်လှမ်းရေးတပ်ဖွဲ့က သတ်ဖြတ်နိုင်ခဲ့ကြောင်း တူရကီသမ္မတ အာဒိုဂန်က တနင်္ဂနွေနေ့တွင် ပြောကြားလိုက်သည်။
“ အကြမ်းဖက်ခေါင်းဆောင် အဘူဟူစိန် အယ် ကူရှာရီကို စနေနေ့က တူရကီ ထောက်လှမ်းရေး(MIT) က ဆီးရီးယားစစ်ဆင်ရေးအတွင်းမှာ သတ်ဖြတ်နိုင်ခဲ့ပါတယ်” ဟု အာဒိုဂန်က ဆိုသည်။
အိုင်အက်စ်အုပ်စုသည် ယခင်ခေါင်းဆောင် အဘူဟာဆန် အယ် ဟာရှီမီ အယ် ကူရှာရီ သေဆုံးသွားပြီးနောက် နိုဝင်ဘာ(၃၀)ရက်တွင် အဘူဟူစိန် ကို ခေါင်းဆောင်သစ်အဖြစ် တင်မြှောက်ကြောင်း ကြေညာခဲ့သည်။
ဆီးရီးယားမြောက်ပိုင်းရှိ အိုင်အက်စ်အဖွဲ့အခြေစိုက်စခန်းတစ်ခုကို တူရကီထောက်လှမ်းရေးအဖွဲ့နှင့် ဒေသခံရဲများ ပူးပေါင်းပိတ်ဆို့ကာ စီးနင်းခဲ့ခြင်းဖြစ်ကြောင်း အဆိုပါဒေသရှိ အေအက်ဖ်ပီ သတင်းထောက်တစ်ဦးက ပြောသည်။
တူရကီတပ်ဖွဲ့များသည် ၂၀၂၀ ပြည့်နှစ်ကတည်းက ဆီးရီးယားမြောက်ပိုင်းတွင် ဆီးရီးယား အကူတပ်များ၏ အကူအညီဖြင့် စခန်းချနေခဲ့သည်။
ပြီးခဲ့သည့် ဧပြီလလယ်ပိုင်းကလည်း အမေရိကန်တပ်များသည် ဆီးရီးယားမြောက်ပိုင်းရှိ အိုင်အက်စ်စခန်းများကို လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှု ပြုလုပ်ခဲ့သေးသည်။
ထိုစစ်ဆင်ရေးတွင်လည်း အိုင်အက်စ် ထိပ်တန်းခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်နိုင်ခဲ့သည်။
အိုင်အက်စ်အဖွဲ့ အင်အားကောင်းခဲ့စဉ်က ဆီးရီးယား နှင့် အီရတ်နယ်မြေများကို ထိန်းချုပ်ထားပြီး ဥရောပတွင် အကြမ်းဖက်တိုက်ခိုက်မှုများကို လုပ်ဆောင်ခဲ့သည်။ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် အမေရိကန်က အိုင်အက်စ် အကြမ်းဖက်ခေါင်းဆောင် အဘူဘေကာ အယ်ဘက်ဒါဒီ ကို ဆီးရီးယားအနောက်မြောက်ပိုင်းတွင် သတ်ဖြတ်နိုင်ခဲ့ကြောင်း ကြေညာခဲ့သည်။
အိုင်အက်စ်အဖွဲ့ ခေါင်းဆောင်များသတ်ဖြတ်ခံရပြီး အင်အားချည့်နဲသွားသော်လည်း အိုင်အက်အဖွဲ့သည် ယခုချိန်ထိ ဥရောပတွင် အကြမ်းဖက်မှုများပြုလုပ်ရန် ခြိမ်းခြောက်နေဆဲဟု ဆိုသည်။ ref: AFP