- Web Master
- ၀၈ ဧပြီ ၂၀၂၄
အမေရိကန်စာရေးဆရာမတစ်ဦးအား ကုန်တိုက်အဝတ်လဲခန်းတစ်ခုအတွင်း လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြင့် သမ္မတဟောင်း ဒေါ်နယ်ထရန့်အား နယူးယောက် တရားရုံးက ဒဏ်ငွေ ဒေါ်လာ ၅ သန်း ပေးဆောင်ရန် ပြစ်ဒဏ်ချမှတ်လိုက်သည်ဟု သိရသည်။
မေလ ၉ ရက်နေ့က ပြုလုပ်သော နယူးယောက်တရားသူကြီးအဖွဲ့၏ စီရင်ချက်အဆုံးအဖြတ်အရ ဒေါ်နယ်ထရန့်အား ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်လိုက်ခြင်းဖြစ်သည်။
ဒေါ်နယ်ထရန့်သည် ၁၉၉၀ပြည့်လွန်နှစ်များအတွင်း အီးယန်း ကာရိုးလ်အမည်ရှိ မဂ္ဂဇင်းစာရေးဆရာမတစ်ဦးကို နယူးယောက် ကုန်တိုက်အဝတ်လဲခန်းတစ်ခုတွင် လိင်ပိုင်ဆိုင်ရာ ကျူးလွန်မှု ပြုလုပ်ခဲ့သည်။
Elle ဖက်ရှင်မဂ္ဂဇင်း၏ ပင်တိုင်စာရေးဆရာမ ကာရိုးလ်(၇၉နှစ်) ၏ ထွက်ဆိုချက်အရ ဒေါ်နယ်ထရန့်(၇၆နှစ်)သည် ၁၉၉၅-၉၆ ခုနှစ်က မန်ဟက်တန်ရှိ ဘာ့ဂ်ဒေါ့ ဂွတ်မင်း ကုန်တိုက်အဝတ်လဲခန်းအတွင်းတွင် သူမအား အဓမ္မပြုကျင့်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဒေါ်နယ်ထရန့်ပိုင်သော Truths ဆိုရှယ်မီဒီယာ ပလက်ဖောင်းပေါ်မှ သူမအား “ လူလိမ်မ” ဟု စော်ကားရေးသားခဲ့သည်။
“ ဒီနေ့ ကမ္ဘာကြီးက အမှန်တရားကို သိသွားကပါပြီ။ ဒီနိုင်ပွဲဟာ ကျွန်မအတွက်သာမက အမှန်ပြောခွင့်မရတဲ့ တစ်ကမ္ဘာလုံးက အမျိုးသမီးတွေအတွက်ပါ”ဟု ကာရိုးလ်က ပြောကြားခဲ့သည်။
ယခုအမှုနှင့်ပတ်သက်၍ ဒေါ်နယ်ထရန့်၏ ဥပဒေအကျိုးဆောင် ဂျိုးဆက် တာကိုပီနာက အယူခံဝင်သွားမည်ဟု သတင်းထောက်များကို တရားရုံးအပြင်ဘက်တွင် ပြောကြားခဲ့သည်။
၂၀၂၄ အမေရိကန်သမ္မတရွေးကောက်ပွဲ ဝင်ရန်ပြင်ဆင်နေသော ဒေါ်နယ်ထရန့်သည် ဧပြီလ ၂၅ မှစ၍ အမှုစစ်ဆေးနေစဉ်တစ်လျှောက် တရားရုံးသို့ လာရောက်ခြင်း မရှိခဲ့သလို သူ၏ ဆိုရှယ်မီဒီယာ Truths ပေါ်မှလည်း “ နာမည်ဖျက်ရုံသက်သက်ပါ။ ဘယ်သူတွေက ဒါတွေလုပ်နေလဲ အံ့ဩတယ်” ဟု ရေးသားခဲ့သည်။
တရားမမှုဖြစ်သဖြင့် ရာဇဝတ်မှုကဲ့သို့ ကြီးလေးသော အရေးယူခံရနိုင်ဖွယ်မရှိသလို ဆက်လက်အယူခံဝင်ထား၍ ပြစ်ဒဏ်လည်း မခံရသေးပေ။ ဒေါ်နယ်ထရန့် တရားရုံးတွင် ရင်ဆိုင်နေရသော အမှုများနှင့်ပတ်သက၍ သူ၏သမ္မတရွေးကောက်ပွဲ စည်းရုံးရေးကို အကြီးအကျယ် ထိခိုက်မှု မရှိဟု သိရသည်။ ရီပတ်ဘလစ်ကင်ကို ထောက်ခံအားပေးသူများ ထရန့်နောက်တွင် အလုံးအရင်းနှင့် ရှိနေဆဲဖြစ်ပြီး ယခုကဲ့သို့ အမှုများ စွဲတင်တိုင်း ဒီမိုကရက်များက ထရန့်အား တမင်သက်သက် နိုင်ငံရေးအရ လုပ်ကြံခြင်းဖြစ်သည်ဟု မှတ်ယူနေကြသည်။
NN-27
ref: Reuters