- Web Master
- ၀၈ ဧပြီ ၂၀၂၄
ပြီးခဲ့သည့်
ကြာသပတေးနေ့က မလေးရှားနိုင်ငံ ကွာလာလမ်ပူလေဆိပ်တွင် ပြည်ဝင်ခွင့်
တားဆီးခံခဲ့ရသည့် တရုတ်နိုင်ငံသား အမျိုးသမီးတစ်ဦးကိစ္စနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ပြီး
မှားယွင်းမှု တစ်စုံတရာရှိပါက အရေးယူ ဆောင်ရွက်သွားမည်ဟု
သိရှိရသည်။
ကွာလာလမ်ပူလေဆိပ်၊
လူဝင်မှုကောင်တာတွင် ဖြစ်ပွါးခဲ့သော အဆိုပါကိစ္စနှင့်ပတ်သက်ပြီး
မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဗရာဟင် ကိုယ်တိုင်
တနင်္ဂနွေနေ့က လေဆိပ်သို့ ရှောင်တခင် သွားရောက်ပြီး လေဆိပ်ပြည်ဝင်ခွင့်ဆောင်ရွက်နေပုံများကို ကြည့်ရှုစစ်ဆေး မေးမြန်းသွားခဲ့သည်။
အန်ဝါ အီဗရာဟင်က ထိုသို့သွားရောက်ပြီးနောက် သူ၏ ဖေ့စ်ဘွတ် တွင် “ ဒီနေ့ မနက်ပိုင်းက ကေအယ်လ်လေဆိပ် လူဝင်မှုကြီးကြပ်ရေး နဲ့ အကောက်ခွန် ကောင်တာတွေကို ရုတ်တရက် ဝင်ကြည့်ခဲ့တယ်။ နိုင်ငံရဲ့ ဝင်ပေါက်လိုနေရာမှာ ပြုပြင်စရာတွေ ရှိနေသေးတယ်” ဟု ရေးသားခဲ့သည်။
လူဝင်မှု နှင့် အကောက်ခွန်ကောင်တာမှ အရာရှိများနှင့် ၄င်းတို့၏ နေ့စဉ်ခရီးသည်အဝင်အထွက် ကိုင်တွယ်နေပုံများကို ဆွေးနွေးခဲ့ကြောင်း၊ တရုတ်နိုင်ငံသား ခရီးသည်အမျိုးသမီးတစ်ဦး ဝင်ခွင့် တားဆီးခံရသည့်ဖြစ်ရပ်အပေါ် စုံစမ်းစစ်ဆေးသွားမည်ဖြစ်ပြီး မသမာမှုများ ရှိပါက ဖော်ထုတ်အရေးယူသွားမည်ဟု အန်ဝါက ရေးသားခဲ့သည်။
ဒေသခံ မလေးရှားမီဒီယာတစ်ခု၏ စနေ့နေ့က ဖော်ပြခဲ့သည့်သတင်းတစ်ပုဒ်အရ မလေးရှား ခရီးသွားလာရေး၊ အနုပညာ နှင့် အားကစားဝန်ကြီး တုန်ကင်းဆင်း ကိုယ်တိုင် ကြာသပတေးနေ့က ကွာလာလမ်ပူလေဆိပ်သို့ ရောက်ရှိလာပြီး လူဝင်မှုကောင်တာတွင် တားဆီးခံထားရသော တရုတ်နိိုင်ငံသား အမျိုးသမီးကိစ္စကို ဖြေရှင်းပေးခဲ့ရသည်ဟု ဆိုသည်။
မလေးရှား The Star သတင်းဌာန၏ ရေးသားချက်အရ အဆိုပါအမျိုးသမီးမှာ တရုတ်နိုင်ငံအခြေစိုက် မီဒီယာကုမ္ပဏီတစ်ခုမှ ဖြစ်ပြီး သူမ၏ အထက်အရာရှိနှင့်အတူ တရုတ်နိုင်ငံ၊ ရှန်ကျင်းမှ ရောက်ရှိလာခြင်းဖြစ်ကြောင်း၊ လူဝင်မှုကောင်တာတွင် အထက်အရာရှိက ဝင်ရောက်ခွင့်ရသွားပြီး သူမအလှည့်တွင် ပတ်စ်ပို့၌ အမှားအယွင်းများ တွေ့ရှိရသည်ဟုဆိုကာ ဝင်ခွင့်မပေးဘဲ ထားခဲ့ကြောင်း၊ သူမအား မလေး လူဝင်မှုအရာရှိက ရင်းဂစ်ငွေအများအပြားတောင်းခံခဲ့ကြောင်း ဖော်ပြထားသည်။
အဆိူပါဖြစ်ရပ်နှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၊ ကွမ်ကျို့ရှိ မလေးရှားကောင်စစ်ဝန်ရုံးက မလေးရှားယဉ်ကျေးမှုနှင့် အားကစားဝန်ကြီး တုန်ကင်းဆင်း ထံအကြောင်းကြားသဖြင့် တုန်ကင်းဆင်း ကိုယ်တိုင် လေဆိပ်သို့ ရောက်ရှိလာပြီး ဖြေရှင်းမှ တရုတ်အမျိုးသမီးခရီးသည်မှာ ပြည်ဝင်ခွင့် ရရှိသွားကြောင်း စတားသတင်းစာက ရေးသားထားသည်။
တုန်ကင်းဆင်းက ယခုဖြစ်ရပ်နှင့်ပတ်သက်ပြီး မလေးရှား အကျင့်ပျက်လာဘ်စားမှု တိုက်ဖျက်ရေး ကော်မရှင်( MACC )ကို အကြောင်းကြားခဲ့ပြီး ထိုကော်မရှင်မှ အရာရှိတစ်ဦးနှင့် အတူ လေဆိပ်သို့ သွားရောက်ခဲ့ပြီး တရုတ်အမျိုးသမီးခရီးသည် ပြည်ဝင်ခွင့်ကိစ္စကို ဖြေရှင်းပေးခဲ့ရသည်ဟု ဆိုသည်။
ယခုလို လေဆိပ်တွင်း ပြည်ဝင်ခွင့်ပြဿနာမျိုး ဖြေရှင်းပေးရသည်မှာ ငါးကြိမ်ရှိပြီဟု သူကဆိုသည်။
အခြားမီဒီယာသတင်းတစ်ပုဒ်တွင် မလေးရှား အနုပညာ နှင့် အားကစားဝန်ကြီး တုန်ကင်းဆင်း လေဆိပ်သို့ ရုတ်တရက် ရောက်ရှိလာရာတွင် လေဆိပ်ဆိုက်ရောက်ခန်းမ ဖြတ်ကျော်ခွင့်လက်မှတ် မပါဘဲ အတင်းအဓမ္မ ဝင်ရောက်ခဲ့သည်ဟု ရေးသားထားသည်။
မလေးလူဝင်မှုဌာနက အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးသွားမည်ဟုဆိုသည်။
တုန်ကင်းဆင်းက အဆိုပါမီဒီယာသတင်းမှာ မှန်ကန်မှုမရှိကြောင်း၊ လေဆိပ်ဆိုက်ရောက်ခန်းမသို့ လုံခြုံရေးဖြတ်ကျော်ခွင့် သူ့တွင် တစ်နှစ်စာအထိ သက်တမ်းရှိကြောင်း စတားသတင်းစာသို့ ပြောကြားသွားခဲ့သည်။
NN-27
ref: CAN