- Web Master
- ၀၈ ဧပြီ ၂၀၂၄
အာဖဂန်နစ္စတန်နိုင်ငံတွင်
ဇူလိုင်လ(၂)ရက်နေ့မှစ၍ အမျိုးသမီးများ၏ဆံပင် နှင့် အလှပြုပြင်ရေး ဗြူတီးဆလွန်းများ အားလုံး
ပိတ်သိမ်းရန် တာလီဘန်အစိုးရက အမိန့်ထုတ်ပြန်လိုက်သည်။
တာလီဘန်အစိုးရ
ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ(၂)ရက်မှစ၍ ဆံပင်နှင့် အလှပြင်ဆိုင်များ
ပိတ်သိမ်းရန် အချိန်တစ်လ ပေးထားသည်ဟု ပြောဆိုသည်။
အာဖဂန်နစ္စတန်တွင် တာလီဘန်တို့ အာဏာရယူခဲ့သည့် ၂၀၂၁ခုနှစ်မှ စ၍ အမျိုးသမီးများ၏ လွတ်လပ်ခွင့်မှာ တစ်နေ့တခြား ဆိုးရွားလာခဲ့သည်။
ဆယ်ကျော်သက်ရွယ် မိန်းကလေးများနှင့် အမျိုးသမီးများ ကျောင်းတက်ပညာသင်ကြားခွင့် ပိတ်ပင်ခဲ့သလို ပန်းခြံ၊ အားကစားလေ့ကျင့်ခန်းမ စသည်တို့လည်း ဝင်ရောက်ခွင့်မရှိပေ။
ပြီးခဲ့သည့်နှစ်က အမျိုးသမီးဝန်ထမ်းများ ကုလသမဂ္ဂအဖွဲ့အစည်းများတွင် အလုပ်လုပ်ခွင့်မရှိဟု တားမြစ်ခဲ့သည်။
ထို့အပြင် အမျိုးသမီးများ ဝတ်စားဆင်ယင်မှုနှင့်ပတ်သက်၍ မျက်လုံးနှစ်လုံးစာ နေရာမှအပ တစ်ကိုယ်လုံး ဖုံးကွယ်ထားရမည်ဟု အမိန့်ထုတ်ခဲ့ပြီး ၄၈ မိုင်အကွာအထိ ခရီးဝေးသွားပါက အမျိုးသားတစ်ဦး အဖော်ပါရမည်ဟုဆိုသည်။
နိုင်ငံတကာ ပြစ်တင်ဝေဖန်မှုနှင့် တက်ကြွလှုပ်ရှားသူများ၏ ကန့်ကွက်ဆန္ဒပြမှုများ ရှိနေသော်လည်း တင်းကြပ်မှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။
အလှပြင်ဆိုင်များ ပိတ်သိမ်းမှုကို တာလီဘန်တို့အုပ်ချုပ်ခဲ့သည့် ၁၉၉၆ ခုနှစ်မှ ၂၀၀၁ခုနှစ်အတွင် ပြုလုပ်ခဲ့ဖူးသော်လည်း အမေရိကန်ဦးဆောင်တပ်များ၂၀၀၁ခုနှစ်တွင် အာဖဂန်ကို သိမ်းပိုက်ပြီးနောက် ပိုင်း ပြန်လည်ဖွင့်လှစ်ခဲ့သည်။
ယခုကဲ့သို့ အလှပြင်ဆိုင်များ ပိတ်ပင်မှုနှင့်ပတ်သက်၍ အမည်မဖော်လိုသူ အာဖဂန် အမျိုးသမီးတစ်ဦးက- “ တာလီဘန်တွေဟာ အာဖဂန်အမျိုးသမီးတွေရဲ့ အခြေခံအကျဆုံး လူ့အခွင့်အရေးတွေကို လုယူခဲ့တယ်။ ဒီသတင်းကို ကြားတော့ ကျွန်မအတော့်ကို တုန်လှုပ်မိပါတယ်။ ကြည့်ရတာ တာလီဘန်တွေဟာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ကို အာရုံစိုက်ဖို့မှတစ်ပါး တခြားနိုင်ငံရေးအစီအမံ ဘာမှ မရှိဘူးထင်တယ်။ သူတို့ဟာ အမျိုးသမီးတွေကို နေရာတိုင်းမှာ လူထုဘဝထဲက ဖယ်ရှားနေတာဖြစ်တယ်” ဟု ပြောကြားခဲ့သည်။
ပြီးခဲ့သည့် နှစ် နှစ်က အမေရိကန်တပ်များ ဆုတ်ခွါသွားပြီးနောက် အလှပြင်ဆိုင်အချို့ ဆက်လက်ဖွင့်နေခဲ့သေးသည်။ သို့သော် ဆိုင်ပြတင်းပေါက်များ ပိတ်ထားပြီး ဆိုင်အပြင်ရှိ အမျိုးသမီးအလှပုံများကို မှုတ်ဆေးဖြင့် ဖျက်ထားရသည်။
NN-27
Sources: BBCWorld