- Web Master
- ၀၈ ဧပြီ ၂၀၂၄
အိုက်စလန်နိုင်ငံ၊ ရေဂျာဗစ်မြို့တော် အနီးတစ်ဝိုက်တွင် ရှေ့ပြေးငလျင်ငယ် လှုတ်ခတ်မှု အကြိမ် ၁၆၀၀ အထိ ရှိလာပြီးနောက် မီးတောင်ပေါက်ကွဲမှုကြီးတစ်ခု သေချာပေါက် ဖြစ်လာနိုင်ကြောင်း အိုက်စလန် မိုးလေဝသဌာနက သတိပေးချက်ထုတ်ပြန်ခဲ့သည်။
အိုက်စလန် မိုးလေဝသဌာန၏ ထုတ်ပြန်ချက်အရ ငလျင်ငယ်များသည် အင်္ဂါနေ့ ညနေ လေးနာရီ အချိန်တွင် ဖာဂရာဒယ် တောင်အောက်ခြေမှ စတင်လှုပ်ခတ်ခဲ့သည်ဟု ဆိုသည်။
အဆိုပါ တောင်သည် အိုက်စလန်တောင်ဘက်စွန်း ရေဂျာနက်စ် ကျွန်းဆွယ်ပေါ်ရှိ မီးတောင်ကြောပေါ်တွင် ရှိပြီး လွန်ခဲ့သည့် နှစ် နှစ်က ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပေါ်ခဲ့ဖူးသည်။
“ အကြမ်းဖျင်း ငလျင်ငယ် ၁၆၀၀ ကြိမ်လှုပ်ခတ်ခဲ့ပြီး ကြီးမားသော ငလျင်လှုတ်ခတ်မှုကို မြို့တော်အနီးတစ်ဝိုက်တွင် ခံစားသိရှိရသည်” ဟု မိုးလေဝသဌာန ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီး နေ့အချိန်တွင် ကြီးမားသော ငလျင်လှုပ်လာနိုင်သည်ဟု သတိပေးထားသည်။
ရှေု့ပြေးငလျင်ငယ်များအနက် ငလျင် လေးခုမှာ မဂ္ဂနီကျု ၄ အထက်ရှိ၍ အားပျော့ငလျင်အဖြစ် သတ်မှတ်ထားသည်။ ငလျင်လှုပ်ရှားမှုနှင့်ပတ်သက်၍ မြေငလျင်ဌာနက လေကြောင်း သတိပေးချက်ကို အစိမ်းရောင် မှ အဝါရောင်သို့ တိုးမြှင့်ထားသည်။
အရောင်အမှတ်အသားမှာ မီးတောင်ပေါက်ကွဲနိုင်ကြောင်း လေကြောင်းလိုင်းများကို သတိပေးထားခြင်း ဖြစ်သည်။
မီးတောင်ရှေ့ပြေးငလျင်ကို တိုင်းတာမရရှိသေးသော်လည်း လာမည့် နာရီပိုင်း သို့မဟုတ် နောက်ရက်များတွင် ပေါ်ပေါက်လာနိုင်ခြေရှိသည်ဟု ဆိုသည်။
အိုက်စလန်သည် ဥရောပတွင် အကြီးမားဆုံး နှင့် အမြဲလှုပ်ရှားနေသော မီးတောင်များရှိရာ နေရာဖြစ်သည်။
၂၀၂၁ နှင့် ၂၀၂၂ ခုနှစ်အတွင်း မြို့တော် ရေဂျာဗစ် နှင့် ၂၅မိုင် ကွာဝေးသော ဖာဂရာဒယ် မီးတောင်မှ ချော်ရည်ပူများ မှုတ်ထုတ်ခဲ့ရာ ထောင်ပေါင်းများစွာသော ဧည့်သည်များက ရှားပါးသော မီးတောင်ရှင် ပေါက်ကွဲမှုကို မြင်တွေ့ခွင့် ရခဲ့ကြသည်။
NN-27
Ref: the daily star